Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 12, Volume 3, October 2009
Magazine Contents of this month
Email :
Password :
Forget Password ?
Enter
စတီရီယိုခေတ်ရဲ့ ရောင်ခြည်ဦးများ
ဂီတဆိုတာ ခေတ်ရဲ့လိုအပ်ချက်အရ သူ့ခေတ်နဲ့သူ ပေါ်ထွန်းလာခဲ့ကြတာပါ။ ရေဒီယို၊ စတီရီယို ခေတ်မှာ သူ့ခေတ်နဲ့သူ ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့ကြတဲ့အဆိုတော်တွေ ပေါ်ထွန်းခဲ့သလို ဒီဘက်ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ ပရိသတ်ကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တွေ ပေါ်ထွန်းနေဆဲပါပဲ။
စတီရီယိုခေတ်ရဲ့ရောင်ခြည်ဦးများလို့တောင် တင်စားလို့ရတဲ့ အဲဒီခေတ် အဲဒီအခါက အောင်မြင်ခဲ့ကြတဲ့ အဆိုတော် စိန်ဝင်းထွန်း၊ ဘိုဘိုဟန်၊ စိုးပိုင်၊ ကိုင်ဇာနဲ့ စိုင်းဆိုင်မောဝ်တို့ရဲ့ Golden Oldies Show လေးတစ်ခုကို Sedona ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ သူတို့ကို နှစ်ခြိုက်ခဲ့ဖူးတဲ့ ပရိသတ်တွေနဲ့ လူငယ်ပရိသတ်တွေကလည်း အားပေးခဲ့ကြသလို အသက် အရွယ်ရလာပေမဲ့ အခုထိ လတ်ဆတ်နေဆဲဖြစ်တဲ့ သူတို့ရဲ့အနုပညာအားတွေနဲ့ ပရိသတ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
သူတို့ခေတ် သူတို့အခါက ကြုံတွေ့ခဲ့ရတဲ့ နည်းပညာအခက်အခဲတွေကို ထိုးဖောက်ပြီး အောင်မြင်အောင် ကြိုးစားလာခဲ့ရတဲ့ အမှတ်တရအကြောင်းတွေနဲ့ ဂီတအပေါ်ထားတဲ့ သူတို့သဘောထားတွေကို မေးမြန်းခဲ့ပါတယ်။
စိန်ဝင်းထွန်း
“အ.ထ.က ကျောင်းသား” ဆိုတဲ့ စတီရီယိုသီချင်းကို စတင်သွင်းခဲ့ပြီး သီဆို အောင်မြင်လာခဲ့သူ အဆိုတော် စိန်ဝင်းထွန်းရဲ့ သီချင်းတွေကတော့ ၁၉၇၃ ခုနှစ်က လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။
ကျွန်တော်တို့ခေတ်နဲ့ အခုခေတ်နဲ့က အရမ်းကွာခြားသွားပြီလေ။ ကျွန်တော် နားထားတာကလည်း အနှစ် ၂၀ တောင် ရှိသွားပြီ။ အဲဒီလောက်ရှိနေပြီဆိုတော့ အခုပြန်ဆိုတဲ့အခါ တော်တော်ကွာခြားသွားပြီ။ ကျွန်တော်တို့ခေတ်က သီချင်းသွင်းရင် မနက် ၁၀ နာရီကနေ ည ၁၁ နာရီ ၁၂ နာရီအထိ တစ်ခွေစာကို တစ်ခါတည်း အပြတ်သွင်းရတာ။ အခုဆိုရင် တစ်နေ့ကို နှစ်ပုဒ်လောက် ဆိုတယ်။ ပြီးရင် အိမ်မှာ ပြန်နားထောင်ပြီး စိတ်တိုင်းမကျတာရှိရင် ပြန်သွင်းတယ်။ အခုခေတ်မှာ စက်တွေကလည်း အရမ်း တိုးတက်နေပြီလေ။ အရင်တုန်းကတော့ တီးဝိုင်းကို လေးငါးယောက်နဲ့ ဆိုခဲ့ရသလို တစ်ပြိုင်တည်း သွင်းခဲ့ရတာ။ မှားတာနဲ့ အစအဆုံး ပြန်သွင်းရတယ်။ အဲဒီတုန်းက ဂျူတီနဲ့ သွားရတာ။
တစ်ဂျူတီဆို မနက်ကနေ ည ၁၂ နာရီအထိပေါ့။ နောက်တစ်နေ့စာ အကုန်မခံနိုင်ကြဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့က အချိန်လုပြီး လုပ်နေရတယ်။ အခုကျတော့ စက်ပိုင်းဆိုင်ရာ တိုးတက်လာတော့ အားတဲ့လူက စတူဒီယိုမှာ သွင်းသွားတယ်။ တစ်ပုဒ်တည်း ဆိုလည်းရတယ်။ အရင်တုန်းက လူစုံလာပြီးတော့ တီးတဲ့လူက လေးငါးယောက်နဲ့ ဆိုတဲ့လူနဲ့ တစ်ပြိုင်တည်း သွင်းရတာကိုး။ လူစုံလာရတယ်။ စာကြောင်းမှားရင် အစက ပြန်သွင်းရတယ်။ အခုက တစ်ပုဒ် နှစ်ပုဒ် သွင်းပြီးရင် ပြန်နားထောင်၊ မကြိုက်ရင် ပြန်သွင်းလို့ ရတယ်ဆိုတော့ အချိန်က ပိုကြန့်ကြာသွားတယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ်မအားရင်လည်း အလုပ်မပျက်သလို သူတို့ မအားရင်လည်း ကိုယ့်အလုပ်မပျက်ဘူးပေါ့။ အခုခေတ်ကတော့ ရီကောဒင်းလုပ်ရတာ တော်တော်အဆင်ပြေတယ်။
စိုးပိုင်
ဦးတို့ခေတ်တုန်းက ဂီတဆိုတာ အခုလို တွင်တွင်ကျယ်ကျယ် မရှိသေးဘူးပေါ့ သမီးရ။ အခုလည်း အဲဒါကိုပဲ ထိုင်ပြောနေကြတာ။ ဦးတို့ခေတ်တုန်းက ရီကောဒင်းလုပ်ရင် ဂစ်တာက သုံးလုံးပဲ ရှိတယ်။ အဲဒါနဲ့ပဲ လုပ်ကြရတာ။ ဦးအောင်မြင်ပြီး ရှစ်နှစ်လောက်မှာတော့ Indian Music တွေထဲက တက်ပ်ပလာ (ဗုံနှစ်လုံးကို တီးရတယ်) ကို ဆရာကြီးတစ်ယောက်က တီးနေတာ တွေ့ခဲ့ရတယ်။ နောက်ပိုင်း ဦးကျင့်တယ်။ ပြီးတော့ တီးတယ်။ ၁၉၇၀ ကတည်းက ဦးက အဲဒါလေးကို သုံးခဲ့တာ။ နောက်ပြီး အိန်္ဒိယလက်ဆွဲဘာဂျာပေါ့။ အဲဒီတုန်းက ကီးဘုတ်တွေ မပေါ်သေးဘူးလေ။ အဲဒါကိုလည်း ဦးကလုပ်တယ်။ အတိုချုံးပြောရရင် ဦးတို့ခေတ်တုန်းက အခုလိုမျိုး အီလက်ထရောနစ်တွေ ဘာတွေ မထွန်းကား သေးဘူးလေ။
အဲဒီတော့ ဂစ်တာတွေပဲ သုံးကြရတယ်။ အဲဒါလေးတွေနဲ့ပဲ ဦးက ဆိုလာခဲ့တာ။ ဒီဘက် ခေတ်ကျတော့ အရမ်းတိုးတက်လာတဲ့အတွက် အရမ်းပဲ အောင်မြင်ကြတယ်။ အရမ်းလည်း ကောင်းတယ်။ ဦးတို့ အရင်က သီချင်းတွေ ဖန်တီးတယ်ဆိုတာ တစ်ယောက်တည်း လုပ်လို့ မရတဲ့ ကဏ္ဍပါ။ အဆိုတော်လည်း အဆိုတော်ကဏ္ဍရှိသလို တီးဝိုင်းကလည်း Music ကဏ္ဍရှိတယ်။ သီချင်းရေးဆရာကလည်း သူ့ကဏ္ဍနဲ့သူ ရှိတယ်။ အဲဒီမှာ ရီကောဒင်းအပိုင်းကတော့ မပြောတော့ဘူး။ ဒီဘက်ခေတ်က အရမ်းကြီး တိုးတက်လာတော့ အဆိုတော်ရယ်၊ တီးဝိုင်းရယ်၊ တေးရေးဆရာရယ် အဲဒီ သုံးယောက်က ကိုယ်လုပ်ချင်တဲ့ဥစ္စာကို ကိုယ့်စွမ်းအားတွေနဲ့ ကြိုးစားလုပ်ခဲ့လို့ ဖြစ်တယ်ပဲ ထင်ပါတယ်။ ဒီဘက်ခေတ်လူငယ်တွေကို သူတို့ မကြိုးစားဘူးလို့ ပြောတာတော့မဟုတ်ဘူး။
ဖန်တီးသူတွေက ကိုယ် သေချာဖန်တီးမယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀ ကျော် ၄၀ ရှိနေပေမဲ့လည်း အဲဒီသီချင်းတွေက မရိုးနိုင်တာကတော့ ဦးအပါအ၀င် ကျန်တဲ့ တေးရေး၊ တီးဝိုင်း စတဲ့ ဖန်တီးသူတွေရဲ့ ကြိုးစားမှုတွေကြောင့်လို့ ထင်ပါတယ်။ နောက်တစ်ခုက ဦးတို့ ဘာတွေကို ဦးစားပေးရသလဲဆိုတော့ ကိုယ်တစ်ဦးတစ်ယောက်တည်း ကြိုက်ဖို့အတွက်ထက် လူအများကြိုက်ဖို့ ဆိုတာကိုပဲ ဦးတို့က ဦးစားပေးတယ်။ အခုလို ဦးတို့ငါးယောက်ပေါင်းပြီးလုပ်တဲ့ပွဲလေးဖြစ်တာရယ်၊ လူကြီးတွေ ဆုံပြီးဆိုတဲ့ပွဲဆိုတော့ ရင်ထဲ ပျော်တာပေါ့။ ဆယ်တန်းကျောင်းသားဘ၀မှာ သီချင်းခွေထုတ်ဖို့စီစဉ်ရင်း စာမေးပွဲလည်း ဖြေဖို့ ကြိုးစားခဲ့ရသူပါ။ ဆယ်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့သလို “အလွမ်း” ဆိုတဲ့ စီးရီးလည်း အောင်မြင်ခဲ့တဲ့သူကတော့ အဆိုတော် ကိုင်ဇာပါ။ သူ့ခေတ်သူ့အခါက သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ကို လှုပ်စေခဲ့သူပါ။ ဂီတဆိုတာ သူ့ခေတ်နဲ့သူ လိုအပ်လို့ ပေါ်ပေါက်လာရကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။
ကိုင်ဇာ
အနုပညာတိုင်းဟာ သူ့ခေတ်နဲ့သူ ကောင်းကြပါတယ်။ ကျွန်တော် တို့ခေတ်မှာ ခေတ်ရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ အနုပညာလောက ပေါ်ပေါက်လာပြီး အဲဒီအရေးအဖွဲ့တွေ၊ သီဆိုမှု ဟန်ပန်တွေနဲ့ အဲဒီခေတ် ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တယ်။ ဒီဘက်ခေတ်ရောက်လာတော့ ပုံစံပြောင်းလာပြီး လက်ခံတဲ့သူ ရှိလာတယ်။ လက်မခံတဲ့သူရှိလာတယ်။ ဒါပေမဲ့ သူတို့ကလည်း သူတို့ခေတ်ရဲ့ လိုအပ်တဲ့ခံစားမှုအဖွဲ့အနွဲ့တွေနဲ့ တင်ပြနေကြတာပဲ၊ အဲဒီအတွက် ခေတ်တိုင်းဟာ အမြဲတမ်းကောင်းတယ်လို့ ယုံကြည်တယ်။ ကျွန်တော်တို့ မြန်မာဘုရင်လက်ထက်ကစပြီး အင်္ဂလိပ်ခေတ်၊ စစ်ပြီးခေတ် တောက်လျှောက်မှာလည်း သူ့ခေတ်နဲ့သူ၊ သူ့ဂီတနဲ့သူ သီးသန့်စီ ရှိခဲ့တယ်။
ကျွန်တော်တို့ရှေ့မှာ ရေဒီယိုခေတ်၊ ပြီးတော့ စတီရီယို ခေတ်ဦး၊ ခေတ်လယ်ပြီးတော့မှ အခု ဒီဘက်ခေတ် ရောက်လာတာပေါ့။ သီချင်းတွေကို ကြည့်လိုက်ရင်လည်း ဟိုးအရင် မြန်မာဘုရင် လက်ထက်တုန်းက ဘုန်းတော်ပွင့်ကနေ Hip Hop အထိ ကြားထဲမှာ တစ်ခေတ်နဲ့တစ်ခေတ် မတူဘူး။ နောက်တစ်ခုပေါ်လာစမှာ အတိုက်အခိုက်၊ အထိုးအနှက်ဆိုတာ အမြဲတမ်းခံစားရပါတယ်။ ကျွန်တော် တို့ခေတ်၊ အနှစ်သုံးဆယ်လောက်က စီးရီးထုတ်ချိန်တုန်းကဆို လမ်းသရဲသီချင်းတွေပါကွာ၊ စုတ်ပြတ်နေတာပဲ၊ ဘာတွေဆိုနေမှန်းမသိဘူးလို့ ကျွန်တော်တို့ အပြောခံခဲ့ရတယ်။ အဲဒီခေတ် တုန်းကလည်း လူတချို့က နားထောင်ကြစမ်း... ရှေးခေတ်ကသီချင်းတွေက ဘယ်လောက် ကောင်းသလဲ၊ မင်းတို့ သီချင်းနဲ့တခြားစီပဲဆိုတဲ့ ဝေဖန်သံတွေလည်း ခံစားခဲ့ရတယ်။ ဒါ ခေတ်ကာလ အချိန်အခါတွေကပဲ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
သီချင်းကို ရေးတဲ့အခါမှာလည်း အထူးသဖြင့်တော့ အဖွဲ့အနွဲ့ပေါ့။ ကျွန်တော် ဥပမာပေးရင် ဒီခေတ် လူငယ်လေးတစ်ယောက်က သူ့ကောင်မလေးကို မြတ်နိုးလိုက်တာ “ ဓူဝံကြယ် မြေမှာ ခကြွေတယ်။ နေလတွေ ကွယ်စေတယ်။ ညမြင့်မိုရ်ဖြိုကာ တက်သည်တော့ ” ဆိုတဲ့ စာသားထည့်ရင် ကျွန်တော့်ကို ဟားကြမှာပေါ့။ ဟုတ်တယ် မဟုတ်လား။ ဒါ သူ့ခေတ်နဲ့သူ ပြောင်းလဲလာတဲ့ ကိစ္စပါ။ သူတို့ဖွဲ့တာလည်း ဒီသဘောပဲ။ ဓူဝံကြယ် မြေမှာ ခကြွေတဲ့ခေတ်တုန်းကလည်း ဓူဝံကြယ်တွေ မြေမှာ ခခဲ့ကြတယ်။ ဒီလိုပဲ “နင့်ကိုချစ်တယ်” ခေတ် ရောက်လာတော့ “နင့်ကို ငါ ချစ်တယ်”ပေါ့ ဟုတ်လား။ ဒီထက် ပိုခေတ်ဆန်လာရင်တော့ ကျွန်တော် မပြောတတ်တော့ဘူး။
ကျွန်တော် ဂီတတစ်ခုကို ဖန်တီးရင် ရင်ထဲမှာ တွေးနေကျ၊ တွေးတတ်တဲ့ ပုံစံလေးတော့ ရှိတယ်။ အဲဒါလည်း ပင်ကိုစိတ်အား၊ ပင်ကိုသိတဲ့ ရင်တွင်းအသိ အဲဒါတွေနဲ့လည်း ဆိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျွန်တော် အလုပ်လုပ်ရင် သူများ မထိခိုက်အောင်လို့ စဉ်းစားတယ်။ ပြီးတော့ ကိုယ်လုပ်တာ အလကား မဖြစ်အောင် စဉ်းစားရတယ်။ သူများကိုလည်း မထိခိုက်၊ ကိုယ်လုပ်တာလည်း အလကားမဖြစ်အောင် တစ်ခုခု နားထောင်လိုက်ရတဲ့သူမှာ အကျိုးရှိ၊ ပရိသတ်မှာလည်း အကျိုးရှိတာမျိုး စဉ်းစားတယ်။ နောက်ပြီး သီချင်းတစ်ပုဒ်လုပ်ရင် အောင်မြင်ချင်တယ်။ အချစ်အကြောင်းလေး ဖွဲ့နွဲ့ရင်တောင်မှ အဲဒီခံစားချက်နဲ့တူတဲ့ လူတွေရဲ့ရင်ထဲကို ထိသွားစေချင်တယ်။ အနုပညာဖန်တီးမှုမှာ အဲဒီစိတ်လေးထားလုပ်ရင် ငါးဆယ်ရာခိုင်နှုန်းက ကောင်းသောတုံ့ပြန်မှု ဖြစ်လာပါလိမ့်မယ်။
- အခုထိ လူငယ်စတိုင်လ်နဲ့ မြူးမြူးကြွကြွ သီဆိုသွားသူ အဆိုတော် စိန်ဝင်းထွန်း၊ အသက်ကြီးပေမဲ့ ငယ်ရွယ်စဉ်ကလို မိုက်ခရိုဖုန်းလေး တလွှဲလွှဲနဲ့ အပြတ်ဟဲသီဆိုသွားသူ အဆိုတော် ဘိုဘိုဟန်၊ အဆိုတော်ကြီးတွေ ငါးယောက်ပေါင်း ကျင်းပတဲ့ ပထမဆုံး ဆုံကြတဲ့ပွဲမှာ ပရိသတ်ကို အပြည့်အ၀ဖျော်ဖြေပေးခဲ့သူ အဆိုတော် စိုးပိုင်းနဲ့စိုင်းဆိုင်မောဝ်၊ အဆိုတော်ကြီးတွေကို စုစည်းပြီး နောက်ထပ် ရှိုးပွဲတွေကိုလည်း စီစဉ်ဦးမယ့် အဆိုတော် ကိုင်ဇာတို့ရဲ့ Golden Oldies Show ဟာ ပရိသတ်ကို ပျော်ရွှင်စေခဲ့ပါတယ်။
မမမြတ်
မန္တလေးဓာတ်ပုံဆရာတွေ ဆုများများ ရရှိခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲ
Art Gallery
Upper News
Movement
Yangon News
Movie Guide
Music Guide
ဒါရိုက်တာ ဒေါန ပုံဖော်ကျူးရိုက်ကူးထားတဲ့ ချစ်ကံပွင့်နှင့် မချောလေးဆယ် ရုပ်ရှင်ဇာတ်ကား
စတီရီယိုခေတ်ရဲ့ ရောင်ခြည်ဦးများ
ရင်တွင်းဖြစ် ဟာသများ
GOLDEN BOOT PLAYER ကမ္ဘာကျော် ရွှေခြေထောက်ပိုင်ရှင်များ
ဂီတ . . . သူဘယ်လိုဖန်တီးခဲ့