Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
Movement

ဒီဒီက ဆေးရောင်လှလှခြယ်ချင်တာတဲ့
ဒီဒီဆိုတဲ့ အဲဒီကောင်မလေးက သီချင်းတွေနဲ့ ပျော်ပျော် နေတတ်သူ။ R&B Music ကို စိတ်ဝင်တစားရှိတဲ့သူ။ ခေတ်မီတဲ့ သူ့ရဲ့ Style တွေက fashionable ဖြစ်နေတယ်။ သွက်သွက်လက်လက် သူ့ရဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း သရုပ်ဆောင်ဘက်မှာ အဆင် ပြေနေတယ်။ ၂၃ နှစ်ပြည့် မွေးနေ့အပြီးမှာ သရုပ်ဆောင်အလုပ် ဆက်နေခဲ့တယ်။ Music နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေလည်း ရှိနေတယ်။

“ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ပေးနေရပါတယ်။ အဆင်ပြေပါတယ်။ ဒီဒီနဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင်ပုံစံမျိုးတွေပါပဲ။ အခု တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် လုပ်နေရတယ်။

သီချင်းတွေ တော်တော်များများ ပြီးနေပြီ။ ‘ဆေးရောင်လှလှခြယ်ရအောင်’ လို့ Title ပေးထားပါတယ်။ ဒီနှစ်ထဲ ထွက်ဖြစ်အောင်တော့ လုပ်နေပါတယ်။ နိုဝင်ဘာလထဲမှာ ထွက်ချင်တာ။ ဒီဒီ ဆိုနေကျ ပုံစံလေးတွေပါမယ်၊ R&B ပုံစံရော၊ Hip-hop သီချင်းတွေပါမယ်။ သေသေချာချာလေးတော့ စီစဉ်နေပါတယ်။ တစ်ကိုယ်တော် အယ်လ်ဘမ်ဆိုတဲ့အတွက် ဒီဒီ နည်းနည်းတော့ စိတ်လှုပ်ရှားပါတယ်။ Show တွေလည်း ဆိုဖြစ်နေပါတယ်။ Music ကတော့ နှစ်သက်တဲ့အနုပညာပဲလေ။ Music နဲ့ နာမည် ပိုရချင်ပါတယ်။
စန္ဒီမြင့်လွင်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။ ၂၀ဝ၉ ထဲမှာ တစ်ကိုယ်တော် သီချင်း အယ်လ်ဘမ်ထွက်နိုင်ဖို့ သူကတော့ အသေအချာကြီးကို စီစဉ်နေတာပါပဲ။ အရောင်စုံတဲ့ အနုပညာနယ်မြေမှာ ဒီဒီတစ်ယောက် ဆေးရောင်စုံ လှလှပပလေး ခြယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သီချင်းလည်း ဆိုနေပြီနော် . . .
ဖွေးဖွေးရဲ့ လှလှပပပုံရိပ်တွေကို ပရိသတ်က ရင်းနှီးပြီးသားပါ။ ဖက်ရှင်စတိုင်လ် အလှအပ စာမျက်နှာတွေ မှာလည်း သူပါဝင်တယ်။ ကြော်ငြာတွေမှာလည်း တွေ့ ရတယ်။ ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုတွေလည်း မကြာခင် ပရိသတ်က ဆုံးဖြတ်ပေးကြရဦးမယ် ဗီဒီယိုဇာတ်ကား ၃ ကား ရိုက်ကူးပြီးခဲ့ပြီ။
တယ်လီဗီးရှင်းစီးရီး 'လေနှင်ရာ’ မှာ ဖွေးဖွေး ပါဝင်သရုပ်ဆောင် ထားတယ်။ ပြီးခဲ့တဲ့လက ဂီတပွဲတစ်ပွဲမှာ ဖွေးဖွေးတစ်ယောက် သီချင်းဆိုခဲ့ သေးတယ်။ “ Myanmar Woodstock သီချင်းဆိုခဲ့ပါတယ်။ Under ground band တွေမှာ ဖျော်ဖြေကြတာလေ။
ကိုယ့်အဖွဲ့နဲ့ကိုယ် သီချင်းတွေနဲ့ ဖျော်ဖြေကြတာ။ ဖွေးဖွေးတို့က Art of Depression အမည်နဲ့ သူငယ်ချင်းတွေစုပြီး band တစ်ခုဖွဲ့ထားတယ်။ သီချင်းကတော့ ဖွေးဖွေး တကယ်ဝါသနာကြီးတဲ့ အလုပ်ပါ။ အယ်လ်ဘမ် အတွက်လည်း သီချင်းတွေလုပ်နေပြီ။ မပြီးသေးပါဘူး။ ရုပ်ရှင်ဇာတ်ကားကြီးက ‘သမုဒယ’ ရဲတိုက်၊ ဝိုင်းစုနဲ့ ဖွေးဖွေးတို့ ရိုက်ထားတယ်။ ကိုဇော်ဇော်ရိုက်တာ။ ဦးသိန်းဟန်(Phoenix) ရိုက်တဲ့ ‘နတ်သမီးများနှင့် ဦးဦးကိုကို’ ဗီဒီယိုမှာ ကျော်ရဲအောင်၊ ပုလဲဝင်း၊ မေကဗျာ၊ သဇင်တို့နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ် ”
ဖွေးဖွေးနဲ့ ပတ်သက်တဲ့အနုပညာကတော့ အဲဒီအတိုင်းပါပဲ။ Uranium မှာ အကသင်တန်းတက်နေတာကတော့ ကျန်းမာရေး လေ့ကျင့်ခန်းအနေနဲ့လို့ သိရတယ်။ သူလည်း အဆိုနဲ့ သရုပ်ဆောင် နှစ်ခုစလုံးမှာ အဆင်ပြေအောင် ကြိုးစားနေတာလို့ ယူဆရတာပါပဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မိုးဟေကို ဖြစ်တည်မှုအသစ်
မိုးဟေကိုရဲ့ ဖြစ်တည်မှုထဲမှာ Photo Model နဲ့ သရုပ်ဆောင်အလုပ်ဟာ ပရိသတ် မှတ်မှတ်သားသား ရှိနေခဲ့၊ အားပေးနေဆဲ ဖြစ်တယ်။ အလှအပ ရုပ်ပြကြော်ငြာတွေမှာ သူ့ရုပ်ပုံတွေရှိသလို၊ သရုပ်ဆောင်အဖြစ်လည်း ဗီဒီယို၊ ဒီဗီဒီနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သူ့ရဲ့ခြေလှမ်းတွေ ဆက်နေတယ်။ အခုလည်း Music နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု ခြေလှမ်းစနေပြီလို့ သိရတယ်။

“လန်ဒန်မှာ သီချင်းဆိုဖြစ်ခဲ့ပါတယ်။ အခု သီချင်းအယ်လ်ဘမ်လုပ်နေတာက ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ စီစဉ်ပေးတာက ကိုမိချော။ သီချင်းတွေ အပ်ထားတာပဲ ရှိပါသေးတယ်။ ကေအေတီ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ R-ခိုင် တို့ကို အပ်ဖြစ်မယ်။ အခုမှစပြီးစီစဉ်နေတာပါ။ သီချင်းဆိုတာက ပေါ်ပြူလာဖြစ်ချင်လို့ မဟုတ်ပါဘူး။ အရင်ကတည်းက ဒီသီချင်းအယ်လ်ဘမ်လုပ်ဖို့ ဆန္ဒပြင်းပျနေတာ။ နှစ်ကြိမ်ရှိပြီ။ မလုပ်ဖြစ်ခဲ့ ဘူး။

အခု သေသေချာချာလေး ပြင်ဆင်ပြီး လုပ်မယ်။ ကြာဦးမှာပါ။ သီချင်း အလုပ်က ပရိသတ်ရင်ထဲ ရောက်ဖို့ ပိုခက်တယ်။ ကိုယ့်ရင်ထဲကလာတဲ့ ခံစားမှုအသံက ပရိသတ်ရင်ထဲကို ရောက်ဖို့ ခက်ပါတယ်။ သရုပ်ဆောင် အလုပ်လိုပဲ သီချင်း ဆိုတဲ့အခါလည်း mood အပြည့်ရှိဖို့ ကြိုးစားရပါတယ်။ အမှတ်တရအဖြစ်ထက် တကယ်ဝါသနာပါလို့ သီချင်း အယ်လ်ဘမ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ”။
မိုးဟေကိုလည်း သီချင်းအယ်လ်ဘမ် စီစဉ်ပြီ။ ဂီတဘက်မှာက ပရိသတ်ကို အသံနဲ့ ညာလို့မရဘူး။ အကောင်းဆုံးပေးနိုင်ရင် ပရိသတ်က ကျေနပ်မှာပါ။ ဘာပဲပြောပြော၊ မိုးဟေကို သီချင်းဆိုတာက စိတ်ဝင်စားစရာကိစ္စ တစ်ခုတော့ ဖြစ်ခဲ့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မင်းသွေးရဲ့အနုပညာခရီး
အစ်ကိုဖြစ်သူနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ အထူးပါဝင်ထားတယ်။ ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ကူးဖြစ်ခဲ့တယ်။ အခု အစ်ကိုဖြစ်သူနဲ့ ဗီဒီယို ဇာတ်ကားတစ်ကား ရိုက်ဖြစ်ခဲ့ပြန်ပြီ။ ‘မင်းသွေး’ ဆိုတဲ့ သရုပ်ဆောင်သစ်ချာတိတ်ဟာ နေတိုးရဲ့ ညီအရင်း ဖြစ်ပါတယ်။
၂၀ဝ၉ ထဲမှာ သူ့ရဲ့သရုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်သွားဖို့ အစီအစဉ် ရှိတယ်လို့ သိရတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ဂျစ်ပစီ ဇာတ်ကားမှာ နေတိုး၊ မိုးဟေကို တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်။ ‘နယ်သစ်ဦး’ ဗီဒီယိုထုတ်လုပ်ရေးနဲ့ပါ။
“ဇော်က ကနေသည် ရုပ်ရှင်မှာ ကျွန်တော် ဆရာဝန်တစ်ဦးအဖြစ် ပါဝင်ထားပါတယ်။ ဗီဒီယိုက ပထမဆုံး ဒါရိုက်တာဝင်းထွန်းထွန်းရိုက်တဲ့ကားပါ။ ကျော်ရဲအောင်၊ စိုးမြတ်နန္ဒာ ချောရတနာနဲ့ ကျွန်တော်ပေါ့။ အချစ်နဲ့ ဒရာမာဇာတ်အိမ်ပါ။ အခု ဒီကားက ဒုတိယမြောက်ပေါ့။ ကိုကြီးရယ်၊ ကျွန်တော်ရယ်၊ မိုးဟေကိုရယ်။ ကျွန်တော်က ဒရာမာတွေပဲ ရိုက်ဖြစ်နေတယ်။ Character စုံအောင် သရုပ်ဆောင်ချင်ပါတယ်။ လူငယ် Fancy ဇာတ်လေးတွေလည်း စဉ်းစားထားတာရှိတယ်။ ကိုကြီးနဲ့အတူ သရုပ်ဆောင်ရတဲ့အခါ ညီအစ်ကိုချင်းဆိုတော့ မစိမ်းတော့ဘူးပေါ့။ ကိုကြီးကလည်း သရုပ်ဆောင်ရင် စိတ်ကို ဘယ်လိုသွင်းရမယ်ဆိုတာ ပြောပြပေးပါတယ်။ အရမ်းကြီး control မရှိပါဘူး။ ဇာတ်လမ်း တွေဖတ်ပြီး ညီအစ်ကိုနှစ်ယောက် တိုင်ပင်တာမျိုးရှိတယ်။ ကျွန်တော့် အနုပညာလမ်းကြောင်းမှာ လွတ်လွတ်လပ်လပ် သွားဖို့ပါပဲ။ ဒီနှစ်ထဲမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကြိုးစားနေဆဲသရုပ်ဆောင်သစ်လေးပါ။ အားပေးပါလို့...”
မင်းသွေးက နေတိုးရဲ့ ညီဆိုပေမဲ့ သူ့ခြေလှမ်းနဲ့သူ၊ သူ့ဟန်နဲ့သူ သရုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်။ သူလည်း အသစ်တစ်ယောက်မို့ အားပေးကြိုဆိုကြရအောင်ပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြောပါ . . . ပြောပါ အရုပ်နဲ့သီချင်းဗီစီဒီ
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုလောက်က (Tape ခေတ်မှာပေါ့) အတွဲခွေ၊ စုပေါင်း စပ်ပေါင်း အခွေတွေခေတ်စားခဲ့တယ်။ သီချင်းတွေလည်း ပေါက်တယ်။ အဆင်ပြေကြတာ များတယ်။ ဒီဘက်နှစ်တွေမှာလည်း အဲဒီလို သီချင်း အယ်လ်ဘမ်တွေ လုပ်ကြတယ်။ အဆင်ပြေတာရှိ၊ မပြေတာလည်း ရှိပေါ့။ ရတနာမြိုင်တေးသံသွင်းက ဖြန့်ခဲ့တဲ့ ‘ပြောပါ ... ပြောပါ’ အယ်လ်ဘမ်က အဲဒီလိုလူစုံအဖွဲ့စုံပါတဲ့ အယ်လ်ဘမ်ပါ။ သုသု၊ 528 , NC13, Su Nick, ldiots ထွန်းထွန်းကျော်၊ကြွက်၊ ကိုင်ဇာတင်မုံ၊ မောင်မောင်ဇော်လတ်၊ ပြုံးခေါင်နဲ့ Crow တို့ ပါဝင်ထားတယ်။ အခုသီချင်းဗီစီဒီဖြန့်တော့မယ်။ HLS Society အဖြစ် စီစဉ်ရိုက်ကူးတည်းဖြတ်ပြီး မန်းသီရိတေးသံသွင်းက ဖြန့်ဖြစ်မယ်။

“ပြောပါ... ပြောပါ Audio က ၂၀ဝ၈ ထဲမှာ ဖြန့်ဖြစ်ခဲ့တာ။ ဗီစီဒီ အဖြစ် ကျွန်တော်တို့ HLS Society က ရိုက်ကူးတယ်၊ edit လုပ်တယ်။ သီချင်း ၁၃ ပုဒ်ပေါ့။

အဲဒီမှာ နောက်တစ်ပုဒ်က band ပုံစံကို ကျွန်တော်တို့ animation နဲ့ လုပ်ထားတယ်။ ပုရွက်ဆိတ်လေးတွေနဲ့ တီးဝိုင်းတစ်ခုပုံစံပေါ့။ အဲဒါတစ်ခုတော့ ထူးထူးခြားခြားလေး စီစဉ်ထားပါတယ်။ အခြားသီချင်းတွေကိုလည်း တင်ပြပုံကောင်းကောင်းလေးဖြစ်ဖို့ ကျွန်တော်တို့ HLS Society က ဖန်တီးထားတယ်။ အခုချိန်မှာ ပရိသတ်က သီချင်းနဲ့လိုက်ဖက်တဲ့ အရုပ်တွေနဲ့ ခံစားချင်လာကြတယ်။ အဲဒါကြောင့် ဂရုတစိုက် ရိုက်ကူးတင်ပြထားပါတယ်”
HLS မူပိုင်အဖြစ် ကြိုးစားထားတဲ့ အဲဒီသီချင်းဗီဒီယိုမှာ ဘယ်လို ထူးခြားချက်တွေပါမှာလဲ။ တော်ရုံတန်ရုံ အရုပ်တွေနဲ့တော့ Music ပရိသတ်ကို မဆွဲဆောင်နိုင်ပါဘူး။ တကယ်ကောင်းနေရင် Music ပရိသတ်က အားပေးကြမှာပဲလေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လှိုင်ဦးမော်ရဲ့ ပုံစံသစ်သီချင်းတွေ
လှိုင်ဦးမော်ဆိုရင် တောင်ကြီးက တေးရေး၊ တေးဆို လူငယ်တစ်ယောက်၊ ဒိုးလုံးကို အော်လ်တာတွေ ရေးပေးခဲ့သူတစ်ယောက်လို့ သိကြတယ်။ ‘အလှပြင်ထားပါ’ နဲ့ ‘No 2 Album’ ဆိုတဲ့ အမည်တွေနဲ့ သီချင်းအယ်လ်ဘမ်နှစ်ခု ထွက်ထားတယ်။ ပရိသတ် ရှိတယ်၊ ပရိသတ်သိတယ်ပေါ့။ ၂၀ဝ၇ ခုနှစ်ကနေ အခုထိ သူ့ရဲ့ သီချင်းသစ်တွေက ထွက်မလာသေးဘူး။ အခု တတိယမြောက်အယ်လ်ဘမ်ကို တောင်ကြီးမှာပဲ အကုန် စီစဉ်ပြီးပြီလို့ သိရတယ်။ အောက်တိုဘာထဲမှာ ဖြန့်နိုင်ဖို့ ကြိုးစားနေသတဲ့။

“ကျွန်တော် သီချင်း ၁၁ ပုဒ်ပါမယ်။ ၉၉% band နဲ့ တောင်ကြီးက tun studio မှာပဲ အစအဆုံး အသံသွင်း တီးခတ်ထားပါတယ်။ သီချင်းတွေက အားလုံး ကျွန်တော် ရေးထားတာ။ တစ်ပုဒ်က ကျွန်တော်နဲ့ ဇင်မျိုးဆက် တွဲရေးထားတယ်။ ၉၉% Guitar နဲ့ KB ထောဝါ၊ boss ဖိုးပြုံး၊drum အန်းကူလေးတို့ ပါတယ်။ သူငယ်ချင်းတွေပါပဲ။

တောင်ကြီးမှာပဲ အသံသွင်းတာဆိုတော့ အချိန်လည်း သိပ်မကြန့်ကြာပါဘူး။ tun Studio ကလည်း စက်နဲ့ အသံဖမ်းစနစ်တွေ ကောင်းတယ်။ The Sum Music က ဖြန့်ဖြစ်မယ်။ အသစ်ခံစားမှုနဲ့ ကျွန်တော်ရေးထားတဲ့ သီချင်းတွေပါ။ အမျိုးအစား မသတ်မှတ်ပါဘူး။ ကျွန်တော်လည်း Music ဆိုရင် အကုန်ခံစားတာပဲ။ ကိုယ်ကြိုက်တဲ့၊ ကိုယ့်ရင်ထဲငြိတဲ့ Music တွေကိုပဲ ဖန်တီးဖြစ်ပါတယ်။ Style အသစ် ဖြစ်တဲ့ ပုံစံတွေပါ။ Limit တစ်ခုသတ်မှတ်ပြီး အဲဒီခေါင်းစဉ်တစ်ခုတည်းအောက်က မသွားချင်ပါဘူး။ ပရိသတ်ကိုလည်း အသစ်ပဲ ပေးချင်တာမို့ပါ”
တောင်ကြီးက လှိုင်ဦးမော်ရဲ့ စကားပါ။ သီချင်းတွေရေးရင်း တောင်ကြီးမှာ အနေများတဲ့ သူ့ရဲ့ တတိယ အယ်လ်ဘမ်ကို ‘အိုကမ္ဘာကြီး’ လို့ title ပေးထားတယ်။ ဂီတကို ပုံစံသေတစ်ခုတည်းနဲ့ ဖန်တီးချင်သူတွေထဲမှာ လှိုင်ဦးမော် မပါတာတော့ သေချာတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Zone ဆိုတာ နာမည်တစ်လုံးနဲ့
Zone ဆိုတဲ့အမည်နဲ့ သီချင်းတွေဆိုတဲ့ လူငယ်တစ်ယောက်ကို သိမှာပါ။ Rap ဆိုတဲ့ Zone ရဲ့ ဂီတသက်က ကြာပြီ။ သင်္ကြန်သီချင်းတွေလည်း ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ’နာမည်တစ်လုံးနဲ့ လူ’ ထွက်ခဲ့ပြီး ငြိမ်နေတယ်။ သုံးနှစ်နီးပါးကြာမှ အခုဗီစီဒီထွက်ဖို့ ရှိလာတယ်။ ရဝေအောင်၊
ဇေယျ၊ ဇေဇေ၊ ရိုတ၊ ဟေမာန်အောင်အောင်နဲ့ Zone ပါဝင်သရုပ်ဆောင် ထားပါတယ်။ သီချင်း ၁၁ ပုဒ်ပါဝင်ပြီး Rap, Hip Hop သီချင်းတွေပါပဲ။ Zone ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်။
“နာမည်တစ်လုံးနဲ့ လူ Audio က ထွက်ထားတာ တော်တော် ကြာပြီ။ ဒီကြားထဲမှာ သင်္ကြန်သီချင်းဗီစီဒီတွေနဲ့ အတွဲခွေ ဗီစီဒီတွေ မှာတော့ပါခဲ့တယ်။ အခုမှ ဒီအယ်လ်ဘမ်အတွက် စီစဉ်ဖြစ်ခဲ့တာပါ။ အကျိုးအမြတ်တော့ မျှော်ကိုးလို့ မရပါဘူး။ ကိုယ်ဖန်တီးထားတဲ့ အနုပညာပစ္စည်းတစ်ခု ပရိသတ်ခံစားနိုင်အောင် လုပ်တဲ့သဘောပါ။ ဒီလို လုပ်ဖို့ ဘယ်သူကမှ မတိုက်တွန်းလည်း ကျွန်တော်တို့ အနုပညာသမားတွေက လုပ်နေကြတာပါပဲ”
Zone ဆိုတာ အဖွဲ့တစ်ဖွဲ့အမည် မဟုတ်ဘူး။ သင်္ကြန်သီချင်းတွေပဲ ဆိုတာမဟုတ်ဘူး။ Rap သီချင်းတွေဆိုတဲ့ Hip Hop စောစောပိုင်း အချိန်တွေကတည်းက ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ လူငယ်တစ်ယောက်။ သူ့ရဲ့ အနုပညာကို ပရိသတ်ဆီရောက်ဖို့ပဲ အာရုံစိုက်တတ်တဲ့ ဂီတသစ်ဖန်တီးသူပေါ့။ ယုံကြည်ရာကို စူးစိုက်လုပ်ရင် အနုပညာဆိုတာ ကောင်းနေတာပါပဲ။ Zone ရဲ့ ‘နာမည်တစ်လုံးနဲ့လူ’မှာ အဲဒီလို ယုံကြည်မှုတွေပါတယ်လို့ သူကတော့ ပြောပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
No U Turn ရဲ့ ပန့် ခ်ရောခ့်ဂီတ
သူတို့က Underground Music သမားတွေပေါ့။ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက band တစ်ခု ဖွဲ့စည်းပြီး Music တွေ လုပ်နေကြတာ။ Show တွေမှာဆို သီချင်းတွေ ဖန်တီးရင်းနဲ့ အခု အယ်လ်ဘမ်တစ်ခု ရုပ်လုံးပေါ်ခဲ့ပြီ။ No U Turn ဆိုတဲ့ လူငယ်တွေရဲ့ စုဖွဲ့မှုမှာ ရဲငွေစိုး ၊ ဣဒ္ဓိ ၊ squeez ၊ ရာဇာတို့ပါဝင်တယ်။ သူတို့ အယ်လ်ဘမ် အခုပရိသတ်ရှေ့ကို ရောက်လာခဲ့ပြီ။ သူတို့ရဲ့ debut album ကို ‘ခေတ်နောက်ကျတဲ့ ငါတို့’ လို့ title ပေးထားတယ်။ punk Rock သီချင်းတွေ ပါဝင်တယ်။

“ကျွန်တော်တို့ ၂၀ဝ၃ ခုနှစ်မှာ No U Turn ဖွဲ့ဖြစ်တယ်။ အဲဒီအချိန်ကတည်းက အယ်လ်ဘမ်လုပ်ဖို့ ရည်ရွယ်ကြိုးစားခဲ့ကြတယ်။

အခု ဒီအယ်လ်ဘမ်ကို ကျွန်တော်တို့ ယုံကြည်တဲ့၊ ခံစားလို့ရတဲ့ Music တွေ ဖန်တီးခဲ့တယ်။ ဘာမျှော်လင့်ချက်မှ မထားပါဘူး။ ကျွန်တော်တို့ခံစားချက်ကို အခြားသူတွေလည်း ခံစားလို့ရအောင် ဒီအယ်လ်ဘမ် လုပ်ဖြစ်တာပါပဲ။ အနုပညာဆိုတာ Creation ပါဖို့၊ Presentation ကောင်းဖို့လိုသလို စစ်မှန်ဖို့လည်း လိုပါတယ်။
No U Turn တွေက ဒီလိုပြောခဲ့ပါတယ်။ ဒီနေ့ခေတ်မှ Music ကို ရုပ်ပြပြီး လုပ်စားသူတွေထဲမှာ သူတို့မပါဘူး။ ကိုယ်တိုင် ဖန်တီးတဲ့ အနုပညာနဲ့ ယုံကြည်ရာကို ရှေ့ဆက်နေတဲ့ ဂီတသစ်လူငယ်တွေအတွက် ပရိသတ်အားပေးမှုတွေ ရှိနေပါတယ်။ အသစ်တွေအတွက် နေရာတစ်နေရာကတော့ ရှိနေမှာပါ။
မန္တလေးဓာတ်ပုံဆရာတွေ ဆုများများ ရရှိခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲ
Art Gallery
Upper News
Movement
Yangon News
Movie Guide
Music Guide
ဒါရိုက်တာ ဒေါန ပုံဖော်ကျူးရိုက်ကူးထားတဲ့ ချစ်ကံပွင့်နှင့် မချောလေးဆယ် ရုပ်ရှင်ဇာတ်ကား
စတီရီယိုခေတ်ရဲ့ ရောင်ခြည်ဦးများ
ရင်တွင်းဖြစ် ဟာသများ
GOLDEN BOOT PLAYER ကမ္ဘာကျော် ရွှေခြေထောက်ပိုင်ရှင်များ
ဂီတ . . . သူဘယ်လိုဖန်တီးခဲ့