Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
New Star
Creative Star
Future Star
The Best & Delightful Style
မင်္ဂလာအရံဝတ်စုံ
ကြော့ရှင်းသွယ်လျ မြန်မာသတို့သမီးအလှ
အနောက်တိုင်း မင်္ဂလာဝတ်စုံ
စုလျားရစ်ပတ်လက်ထပ်မင်္ဂလာ
မီးရောင်တွေစုံတဲ့ည
မီးပုံးလေးတွေ ရောင်စုံခြယ်
Dress Designer မြင့်မြတ်နိုင်
အလှတရားကိုဖန်တီးသူများ မိတ်ကပ်အောင်အောင်(တောင်ကြီး)နှင့် ဖြူဖြူကျော်သိန်း
စားကြည့်မယ်
  
    

သီတင်းဝါလကျွတ်ပြီဆိုတော့ မင်္ဂလာပွဲတွေ စပါပြီ။ တချို့က မင်္ဂလာပွဲတွေကို ဟိုတယ်ကြီးတွေမှာ ကျင်းပသလို တချို့က ခန်းမမှာ၊ တချို့က အိမ်မှာ အဆင်ပြေရာနေရာတွေမှာ မင်္ဂလာပွဲ၊ မင်္ဂလာအခမ်းအနားတွေ စကြပါပြီ။
လူတို့အတွက် ကျင့်ဝတ်အဖြစ် ၃၈ ဖြာမင်္ဂလာ တရားတော်နဲ့အညီ နေထိုင်ကျင့်ကြံဖို့ ဗုဒ္ဓရဲ့အဆိုအမိန့်တွေ ရှိခဲ့ပါတယ်။ ဘုရားဟောမဟုတ်ပေမယ့် လောကီနယ်မှာ ကျင့်သုံးနေကြတဲ့ မင်္ဂလာ ၁၂ ပါး အနက် အာဝါဟဝိဝါဟမင်္ဂလာကတော့ လက်ထပ်မင်္ဂလာပြုလုပ်ခြင်း ပါပဲ။
Make-up
Anti Min
Dress
Khin San Win
Jewel
Taw Win Thu ( Bogyoke Aung San Market )
Floral
Ko Tun Tun ( Eden Flower )
Decoration
Ko Myo Chit ( Shwe Nan Myint )
Location
Night Star( Tarmway )
လက်ထပ်မင်္ဂလာပြုမယ်ဆိုရင် နံနက်ခင်းပိုင်းမှာ ပြုလုပ်ကြပြီး ဘိသိက်သွန်းလောင်းကာ မင်္ဂလာပွဲ ကျင်းပပါတယ်။ အဘိသိက်က အဘိသေက ကနေ ဆင်းသက်လာပြီး အဘိသိက်၊ ဘိသိက်သွန်းတယ်လို့ ဆိုပါတယ်။ ဘိသိက်ဆိုတာ သွန်းလောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
သွန်းလောင်းတိုင်း ဘိသိက်ရေ မဟုတ်နိုင်သလို ဘိသိက် သွန်းလောင်းတဲ့ရေက ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကျင်းပရာ မင်္ဂလာအခမ်းအနားက ရေပဲဖြစ်ပါတယ်။ ဘိသိက်သွန်းလောင်းတဲ့ မင်္ဂလာပွဲမှာ ‘စုလျားရစ်ပတ်’ လက်ထပ်မှု ပြုရပါတယ်။
စုလျားရစ်ပတ်ဆိုရာမှာလည်း စုလျားက သတို့သား၊ သတို့သမီးတို့အတွက် လည်ပင်းမှာ ချည်နှောင်ကြတဲ့ ပဝါရှည်အစကို နှစ်ဦးရဲ့လက်မှာ ရစ်ပတ်ချည်နှောင်ခြင်းပါပဲ။ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်တဲ့ မင်္ဂလာပွဲတစ်ပွဲမှာ စုလျားရစ်ပတ်ခြင်းနဲ့ ဘိသိက် သွန်းလောင်းခြင်းက အဓိကကျပါတယ်။ ထိမ်းမြားခြင်းမင်္ဂလာမှာ မင်္ဂလာဆယ်ပါး ပါဝင်ပါတယ်။
Model
Moe Yan Zon , Khin Nan Htike
စုလျားရစ်ပတ်ဆိုရာမှာလည်း စုလျားက သတို့သား၊ သတို့သမီးတို့အတွက် လည်ပင်းမှာ ချည်နှောင်ကြတဲ့ ပဝါရှည်အစကို နှစ်ဦးရဲ့လက်မှာ ရစ်ပတ်ချည်နှောင်ခြင်းပါပဲ။ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်တဲ့ မင်္ဂလာပွဲတစ်ပွဲမှာ စုလျားရစ်ပတ်ခြင်းနဲ့ ဘိသိက် သွန်းလောင်းခြင်းက အဓိကကျပါတယ်။ ထိမ်းမြားခြင်းမင်္ဂလာမှာ မင်္ဂလာဆယ်ပါး ပါဝင်ပါတယ်။
၁။ ပုဆိုးတန်းတင်၍ ထိမ်းမြားခြင်း
၂။ လက်ဆုံစား၍ ထိမ်းမြားခြင်း
၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း
၎။ အဝတ်လဲ၍ ထိမ်းမြားခြင်း
၅။ လက်ထပ်၍ ထိမ်းမြားခြင်း
၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း
၇။ စုလျားရစ်ပတ်၍ ထိမ်းမြားခြင်း
၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း
၉။ ရေခွက်ကို လက်ချ၍ ထိမ်းမြားခြင်း
၁၀။ ဦးထိပ်မှာ ရေစပ်သွန်းချ၍ ထိမ်းမြားခြင်းတို့ပါပဲ။
စုလျားရစ်ပတ်လက်ထပ်ခြင်းက ထိမ်းမြားခြင်းမင်္ဂလာ ၁၀ ပါးထဲက ရှစ်ပါးလောက် ပြည့်စုံစေပါတယ်။ ဟိုတယ်ကြီး တွေမှာ အချိန်နည်းတဲ့အတွက် စုလျားရစ်ပတ်မှုကို အကျဉ်းပြုလုပ်ကြပါတယ်။ နယ်မင်္ဂလာဆောင်နဲ့ မိမိအိမ်ခြံမှာ မင်္ဂလာပွဲ ကျင်းပသူတို့အတွက် မင်္ဂလာရှိတဲ့ မင်္ဂလာအချိန်ကို ပိုယူပြီး ပြည့်စုံစေပါတယ်။
စုလျားရစ်ပတ်ရာမှာတော့ သတို့သမီးရဲ့ ဘယ်လက်ကို ဖြန့်ထားစေပြီး သတို့သားရဲ့ဘယ်လက်က ဖြန့်ထားတဲ့ သတို့သမီးရဲ့ လက်ပေါ်မှာ တင်ထားပါတယ်။ ရွှေနှစ်ပြားကို တစ်ပြားတည်း ဂဟေဆက်တဲ့ ပုံစံမျိုးလို့ ဆိုပါတယ်။
သတို့သား၊ သတို့သမီးမင်္ဂလာမောင်နှံအတွက် နှစ်ကိုယ်ပေါင်းစပ်ပြီး စိတ်တစ်စိတ်ဖြစ်စေတဲ့ နီးစပ်မှုရစေချင်သလို ဘယ်ဘက်ရင်မှာရှိတဲ့ နှလုံးသားချင်း တစ်ဘဝစာနီးစပ်မှုကို ဖြစ်စေပါတယ်။ တချို့ဘိသိက်ကျမ်းတွေမှာတော့ သတို့သား၊ သတို့သမီးရဲ့လက်ယာလက်ချင်း ဆက်ပေးတယ်လို့ဆိုပါတယ်။ ဆက်စပ်ထားတဲ့ ရွှေပြားတစ်ချပ်လို တစ်ဘဝစာ တစ်သားတည်း ပိုဖြစ်စေတာကတော့ သတို့သမီးကိုယ်မှာ လွှမ်းခြုံထားနိုင်တဲ့ အနံ နှစ်တောင်၊ အလျား ခြောက်တောင်ရှိ ပဝါ ဒါမှမဟုတ် မာဖလာလိုလည်းမှာစည်းတဲ့ ပဝါရှည်ကို အရှည်အတိုင်း သတို့သား၊ သတို့သမီးတို့ရဲ့ ဂဟေဆက်သလို တစ်သားတည်း ဖြစ်နေတဲ့လက်မှာ ရစ်ပတ်ချည်နှောင်ထားခြင်းပါပဲ။
တစ်ဦးကိုတစ်ဦး မြဲမြံတဲ့ သံယောဇဉ်ချည်နှောင်မှုကို ပြသခြင်းပါပဲ။ စုလျားရစ်ပတ်ထိမ်းမြားခြင်းမှာ လက်ထပ်၍ ထိမ်းမြားခြင်း ပါဝင်သွားပါပြီ။
မင်္ဂလာအောင်အိုး မင်္ဂလာနံ့သာခွက် ဘိသိက်သွန်းလောင်းရန်
မင်္ဂလာငွေဖလား
ဘုရားပွဲ
မင်္ဂလာစပယ်ပန်းကုံး မင်္ဂလာငွေခရု မင်္ဂလာငွေကွမ်းအစ် မင်္ဂလာငွေဆွမ်းအုပ်
မင်္ဂလာလက်စွပ် စုလျားရစ်ပတ်မည့် ပ၀ါနှင့်ငွေဖလား
ထမင်းလက်ဆုံစားပြီး လက်ထပ်ခြင်းကတော့ ရခိုင်တွေရဲ့ ရိုးရာဓလေ့တစ်ခုပါ။ ဆန် ၇ မျိုးချက်ပြီး ၇ လုပ်ခွံ့ကျွေးဖို့ ထမင်းဆုပ် ၇ ဆုပ် အသင့်ပြင်ထားရပါတယ်။ ထမင်းဆုပ် ခွံ့ကျွေးခြင်းကို အရင်က ဘုရင်လက်ထပ်က ကြီးကျယ်မြင့်မြတ်သူ ဘုရင်ကိုယ်တိုင် သတို့သား၊ သတို့သမီးကို ခွံ့ကျွေးပါတယ်။ ပြီးမှ ချစ်ကြင်နာစွာ တစ်ဦးကိုတစ်ဦး ခွံ့ကျွေးကြပါတယ်။
ထမင်းတင်မက မုန့်ပဲသရေစာ၊ လက်ဖက်တွေကိုလည်း သတို့သား သတို့သမီးတို့ လက်ဆုံစားပြီး ထိမ်းမြားခြင်း မင်္ဂလာမည်စေပါတယ်။
သတို့သားသတို့သမီး လက်စွပ်လဲလှယ်ဝတ်ပေးရာမှာတော့ မင်္ဂလာရှိပြီးတဲ့ ဇနီးမောင်နှံက သတို့သား၊ သတို့သမီးတို့ကို ဝတ်ဆင်ပေးပါတယ်။ လက်စွပ်လဲ၍ ထိမ်းမြားခြင်းအဖြစ် စုလျားရစ်ပတ်မင်္ဂလာမှာ ပါဝင်သွားပါပြီ။
ဒါလီဖွဲ့၍ လက်ထပ်ခြင်းကတော့ကွင်းလိုက် ရွှေဆွဲကြိုးကို သတို့သား၊ သတို့သမီးလက်မှာ ရစ်ပတ်ပြီး ကွင်းလိုက် စွပ်ပေးခြင်းပါ။ စုလျားရစ်ပတ်မှာ အောင်စံပယ်ပန်းကုံးတွေစွပ်ပေးခြင်းဖြင့် ပန်းကုံးစွပ် ထိမ်းမြားခြင်း မင်္ဂလာပါသွားပါပြီ။
ရေခွက်ထဲမှာ လက်ချပြီး ထိမ်းမြားခြင်းကတော့ ဘိသိက်သွန်းလောင်းရေနဲ့ အတူ ငွေဖလားမှ ရေထဲကို လက်ချပြီး ထိမ်းမြားခြင်းလို့ ဆိုပါတယ်။ ငွေဖလားထဲကရေနဲ့ဘိသိက်သွန်းပြီး ရေတွေကိုတော့ စီးဆင်းနေတဲ့ ချောင်းရေ၊ မြစ်ရေထဲ မျှောချပစ်ရပါတယ်။ ဘဝတစ်သက်တာမှာ ဇနီးမောင်နှံအတွက် မေတ္တာတရားတွေ အလျဉ်မပြတ် စီးမျောစေတဲ့ သဘောပါပဲ။
ဦးထိပ်မှာ ရေစင်သွန်းလောင်းပြီး လက်ထပ်ခြင်းကတော့ လက်ယာရစ် ခရုသင်း ဒါမှမဟုတ် ရွှေ၊ ငွေ၊ စတဲ့နဝရတ်ကိုးပါးနဲ့ နံ့သာမျိုးငါးပါး ထည့်ပြီး သပြေညွန့်စိုက်လို့ သတို့သား၊ သတို့သမီးတို့ ဦးထိပ်မှာ သွန်းလောင်းပြီး လက်ထပ်ထိမ်းမြားခြင်းပါပဲ။

ပုဆိုးတန်းတင် ထိမ်းမြာလက်ထပ်ခြင်း၊ အဝတ်လဲ၍ ထိမ်းမြားလက်ထပ်ခြင်းတို့က စုလျားရစ်ပတ်လိုမျိုး မဟုတ်ပါဘူး။ သတို့သမီးရဲ့ အိမ်ခန်းမှာ သတို့သားရဲ့ပုဆိုးကို တန်းတင်ခြင်း ဖြစ်ပြီး ကန်တော့ခန်းထွက်ခြင်း မပါဝင်ပါဘူး။

အဝတ်လဲ၍ ထိမ်းမြားခြင်းကလည်း သတို့သားကို သတို့သမီး အိမ်အရောက်မှာ သတို့သမီးဘက်က ဆွေမျိုးတွေက အဝတ်သစ်ထုတ်ပေးပြီး ထိမ်းမြားခြင်းပဲ ဖြစ်ပါတယ်။

စုလျားရစ်ပတ်လက်ထပ်ခြင်းကတော့ မြန်မာတို့ရဲ့ရှေးရိုးအစဉ်အလာ မင်္ဂလာ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို စီစဉ်တော့မယ်ဆိုတာနဲ့ သတို့သမီးကို တောင်းရမ်း ရပါတယ်။

ဒါကြောင့် စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာပွဲမှာ သတို့သားဘက်က ငွေဆွမ်းအုပ်အကြီး ပါလာရပါတယ်။ သတို့သမီးကို သတို့သားက လက်ဝတ်ရတနာတွေနဲ့ တောင်းရမ်းတဲ့အခါ ငွေဆွမ်းအုပ်မှာ အသင့်ထည့်ပြီး လာရပါတယ်။ စုလျားရစ်ပတ်မင်္ဂလာပွဲမှာ ငွေဆွမ်းအုပ်ကြီးကို တွေ့ရပါတယ်။
သတို့သမီးဘက်ကလည်း သတို့သားရဲ့ ရတနာပစ္စည်းတွေနဲ့ တောင်းခံမှုအတွက် ကျေနပ်သဘောတူကြောင်းကို ငွေကွမ်းအစ်မှာ ကွမ်း၊ ဆေး၊ ထုံး အသင့်ထည့်ပြီး ကြိုရပါတယ်။ သတို့သားဘက်က ငွေဆွမ်းအုပ်မဟုတ်ဘဲ ရွှေဆွမ်းအုပ်ဖြစ်ခဲ့ရင် သတို့သမီးဘက်ကလည်း ရွှေကွမ်းအစ်နဲ့ ကြိုဆိုရပါတယ်။
စုလျားရစ်ပတ်မင်္ဂလာပွဲမှာ အဓိကပါဝင်ဦးမှာက ကန်တော့ပွဲပါပဲ။ အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ထားပြီး ငှက်ပျောငါးဖီး၊ အုန်းသီး၊ ကွမ်းယာ၊ လက်ဖက်တို့နဲ့ ပွဲပြင်ရပါတယ်။
အခု မိုးယံဇွန်နဲ့ ခင်နန်းထိုက်ရဲ့ စုလျားရစ်ပတ် မင်္ဂလာအခမ်းအနားမှာ အနန္တောအနန္တငါးပါးပွဲ ပါပါ တယ်။ တစ်ဖက်မှာတော့ ကွန်လွန်သွားတဲ့ ဘိုးဘွား၊ ရိုးရာဆွေမျိုးတွေကို ရိုသေလေးစားမှုနဲ့ ဂါဝရပြုတဲ့ ငှက်ပျောသုံးဖီး၊ အုန်း၊ ကွမ်းဆေးတို့ပါတဲ့ ကန်တော့ပွဲ ထည့်ရပါတယ်။

ကန်တော့ပွဲတွေမှာ ပိုလှပအောင် ပန်းရောင်စုံ အလှလေးတွေ ထိုးပါတယ်။

ဘုရားပွဲမှာတော့ တံခွန်၊ ကုက္ကား၊ မုလေးတို့ကို ထိုးစိုက်ထားပါတယ်။ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲအတွက် ကန်တော့ပွဲ ၅ ပွဲလည်း ပြင်ကြပါသည်။
ဘုရားပွဲ တစ်ပွဲ၊ သမ္မာဒေဝနတ်များအတွက် တစ်ပွဲ၊ သတို့သား မိဘပွဲ တစ်ပွဲ၊ သတို့သမီး မိဘပွဲ တစ်ပွဲနဲ့ ဆွေဟောင်း မျိုးဟောင်းရိုးရာတို့ကို ရိုသေမှုတစ်ပွဲ၊ ငါးပွဲ ပြင်ကြပါတယ်။ တချို့နေရာတွေမှာတော့ မိုးလေအခက်အခဲမကြုံစေဖို့လည်း ပွဲတင်ကြပါတယ်။
စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာအတွက် ငွေဖလားကြီးတစ်လုံးက သတို့သား၊ သတို့သမီးထိုင် ဆိုဖာခုံအရှေ့မှာ ရှိနေရပါမယ်။ စုလျားရစ်ပတ်မယ့် ပဝါကိုလည်း ငွေဖလားမှာ အသင့်ထားရပါမယ်။
ရွှေအောင်အိုး၊ ငွေအောင်အိုးနှစ်လုံး ထားရပါတယ်။ ရွှေအောင်အိုးက သတို့သားအတွက် ဖြစ်ပြီး ငွေအောင်အိုးကတော့ သတို့သမီးအတွက်ပါ။
သတို့သား၊ သတို့သမီးရဲ့အရှေ့မှာ အသင့်ရှိနေဦးမှာက မင်္ဂလာအောင်စံပယ်ပန်းကုံး နှစ်ကုံး၊ ရွှေခရား၊ ငွေခရား၊ လက်စွပ်ဝတ်ဖို့အသင့် နှစ်ကွင်း၊ နံ့သာငွေခွက်တွေထားရှိရပါတယ်။ နံ့သာခွက်တွေမှာ နံ့သာရည်တွေ ဖျန်းပက်ဖို့ သပြေခက်တွေ ထားရပါတယ်။
အောင်အိုးတွေမှာတော့ သပြေ၊ နှင်းဆီတွေ စိုက်ထိုးထားရပါတယ်။ ကန့်တော့ဖို့အတွက် ပန်းစည်း ငါးစည်းစီလည်း ထားရပါတယ်။ စုလျားရစ်ပတ်လက်ထပ်ရာမှာ ကြီးကျယ်ခမ်းနားပြီး မင်္ဂလာရှိစေတာမို့ မင်္ဂလာပွဲမှာ ငွေခရုနဲ့ သပြေနုသွန်းပြီး ဘိသိက်သွန်းလောင်းရပါတယ်။
ငွေဖလားတစ်လုံးမှာ အသင့်ရှိနေမှာကတော့ ဆန်မန်း၊ ပေါက်ပေါက်နဲ့ ရတနာ ၇ ပါး ထည့်ထားပြီး ထိမ်းမြားခြင်း မင်္ဂလာအောင်မြင်တဲ့ မင်္ဂလာအချိန်မှာ ပန်းပေါက်ပေါက်တွေ ကြဲရပါတယ်။ ရွှေငွေရတနာ မိုးတွေ ရွာသွန်းပေးရပါတယ်။
ခမ်းနားကြီးကျယ်သော စုလျားရစ်ပတ်မင်္ဂလာပွဲမှာ ငွေခရုကနေ ရေသွန်းပြီး သတို့သား၊ သတို့သမီးတို့ ဘိသိက်ပွဲ ဆင်နွှဲကြပါတယ်။ မင်္ဂလာရှိတဲ့ မင်္ဂလာအချိန်ဖြစ်တာကြောင့်ပဲ သတို့သား၊ သတို့သမီးတို့ရဲ့ ရှေ့ခရီးလမ်းက ဖြောင့်ဖြူး သာယာစေပါလိမ့်မယ်။
မင်္ဂလာအခမ်းအနားအတွက် မင်္ဂလာအောင်ပန်း ထိုးရာမှာတော့ မြန်မာ့ရိုးရာမင်္ဂလာပွဲနဲ့ လိုက်ဖက်အောင် အလှပန်းတွေ ထိုးပေးရပါတယ်။ နှင်းဆီပန်း၊ ရှိုးပန်းနဲ့ ပန်းအလှတွေကို ခမ်းနားထည်ဝါအောင် အလှဆင်ကြပါတယ်။
အခု မိုးယံဇွန်နဲ့ ခင်နန်းထိုက်တို့ရဲ့ စုလျား ရစ်ပတ် ထိမ်းမြားတဲ့ အခမ်းအနားမှာတော့ ရိုးရာဂီတ ပစ္စည်းတစ်ခုဖြစ်တဲ့ အိုးစည်းကို အခြေခံပြီး ပန်းအလှ ဆင်ထားပါတယ်။ အိုးစည်းမျက်နှာကြက်နေရာမှာ ပန်းအိုးသဖွယ် ပန်းအလှတို့နဲ့ မင်္ဂလာအောင်ပန်းအလှ တို့ကို တွေ့ရမှာဖြစ်ပါတယ်။

သတို့သမီးခင်နန်းထိုက်အတွက် လက်ကိုင် ပန်းကိုလည်း မင်္ဂလာအခမ်းအနားနဲ့အညီ ပန်းအလှ သုံးထားပါတယ်။ သတို့သား၊ သတို့သမီးတို့က ဆိုဖာခုံမှာ အထိုင်မင်္ဂလာဖြစ်တဲ့အတွက် လက်ကိုင် ပန်းကို အထောင်ပုံစံလေး ပြင်ထားပါတယ်။

မင်္ဂလာအခမ်းအနားမှာ စုလျားရစ်ပတ်မင်္ဂလာက ခမ်းနားကြီးကျယ်တာနဲ့အမျှ မင်္ဂလာကျက်သရေတို့ စုဝေးဆုံရာ မင်္ဂလာပွဲတစ်ခုပါပဲ။ မင်္ဂလာရှိတဲ့ မင်္ဂလာပွဲ အောင်မြင်တဲ့အခါမှာတော့ မင်္ဂလာတေးသီချင်း၊ တူရိယာသံ၊ ခရုသင်းမှုတ်သံတို့နဲ့ မင်္ဂလာခန်းမမှာ မင်္ဂလာမောင်နှံတို့အတွက် မင်္ဂလာကျက်သရေရှိတဲ့ မင်္ဂလာပွဲတစ်ပွဲပါ။
မင်္ဂလာရှိသော မင်္ဂလာပွဲတစ်ပွဲအတွက် အတိမ်းအစောင်းမရှိ၊ မင်္ဂလာရှိစေဖို့ အဓိကဆောင်ရွက်ရပါတယ်။ ဘိသိက် ဆရာကောင်းတစ်ယောက်ရဲ့ ညွန်ပြပြောဆိုတဲ့ မင်္ဂလာအကြောင်းအရာတွေက မင်္ဂလာမောင်နှံရဲ့ ဘဝတစ်ခုအတွက် အရေးပါလှပါတယ်။
မင်္ဂလာဆရာရဲ့ မကျွမ်းကျင်၊ မလိမ္မာမှုတွေရှိခဲ့ရင် မင်္ဂလာဇနီးမောင်နှံအတွက် ဒဏ် ၁၀ ပါး၊ အပြစ် ၈ ပါး ကျရောက်တတ်တယ်လို့ သိရပါတယ်။
ဒဏ် ၁၀ ပါးက ယခုလက်ငင်း၊ ခဏချင်းလျှင် ပြင်းပြရောဂါ ဥစ္စာကုန်ပြား၊ ပျက်ပြားခြေလက်၊ ရေပျက်နူနာ၊ စိတ်မှာ ရူးသွပ်၊ မင်းဘေးကပ်လျက်၊ ရိုးစွပ်သူခိုး ဆွေမျိုးပြုန်းတီး၊ ပစ္စည်းသုံးဆောင်၊ မီးလောင်အိမ်ရာ ဒဏ်ဆယ်ဖြာ သေခါ ငရဲကျရောက်မြဲလို့ ဆရာဖြစ်သင် ဘိသိက်မင်္ဂလာကျမ်းမှာ ဆိုထားပါတယ်။ အပြစ် ၈ပါးလည်း ကျရောက်စေပါတယ်။
မင်္ဂလာအခမ်းအနား အထူးသဖြင့် ကြီးကျယ်မြင့်မြတ်တဲ့ စုလျားရစ်ပတ်မင်္ဂလာအတွက် မင်္ဂလာရှိစေတဲ့ မှန်ကန်တဲ့ မင်္ဂလာလုပ်ဆောင်မှုတွေကိုပဲ ပြုလုပ်ရပါမယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မင်္ဂလာပွဲကျင်းပ အောင်မြင်တဲ့အခါ မင်္ဂလာမောင်နှံမှာ ဘေးအန္တရာယ်ကင်းပါတယ်။ ဖြောင့်မတ်တဲ့ တိုးတက်ရာလမ်းကို အခက်အခဲမရှိ အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါတယ်။
မင်္ဂလာကျက်သရေတို့နဲ့ ပြည့်စုံစေတဲ့အတွက် မင်္ဂလာရှိပြီး မိဘကို အကျိုးပြုမယ့် သားကောင်းသမီးကောင်း ရတနာလေးတွေကို ရရှိနိုင်ပါတယ်။ ကျက်သရေမင်္ဂလာရှိတဲ့ ဇနီးမောင်နှံအတွက် ဘုန်းကံရှိတဲ့ သားသမီးတွေ မွေးဖွားပါတယ်။ မြန်မာတို့အတွက် မင်္ဂလာဘိသိက်သွန်းလောင်းပြီး စုလျားရစ်ပတ်ထိမ်းမြားခြင်းဟာ ဘဝခရီးတစ်လျှောက် မင်္ဂလာကျက်သရေ ပြည့်ဝစေတဲ့ ထိမ်းမြားခြင်းတစ်ရပ်ပါပဲ။
မသက်ဆွေ