Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
Photo Creation
New Star
Future Star
The Best & Delightful Style
Loving Friend
သဘာဝအလှနှင့် ပသာဒအလှကို ပေါင်းစပ်ဖော်ကျူးခြင်း
ယဉ်တာလေးတွေ ဝတ်ဆင်ဖို့ ယဉ်သူထိုက်ပိုးထည်တိုက်ဆီ အရောက်သွားစို့
Dress & Designer တင်ဆွေအေး
မန်းသူတွေ အဝတ်များလာသည့် ဖောင်းကြွချည်ထည်
UB လက်သည်းနဲ့ ကျောက်ပန်းချီအလှ
မတင်မိုးလွင်နှင့် LOLANE ပြင်ဆင်နုနယ် လှသွေးကြွယ်
အလှတရားကို ဖန်တီးသူများ မိတ်ကပ်ဌေးမင်းနှင့် ခိုင်သင်းကြည်
စားကြည့်မယ်
  
    

အနုပညာရှင်များရဲ့ အချစ်ဆုံးသူငယ်ချင်းများအကြောင်းကို ဖော်ပြခဲ့တာ ဆယ်လတိုင်တိုင် ရှိခဲ့ပါပြီ။ ဒီကဏ္ဍလေးကို စာဖတ်ပရိသတ် အတော်များများ ကြိုက်နှစ်သက်ကြတယ်လို့ ပြန်လည်ကြားသိရတဲ့အတွက် အားပေးတာကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကိုယ့်ရဲ့ ဘဝတစ်လျှောက် ဆိုးတူကောင်းဖက် ပေါင်းဖြစ်ကြတာဟာ တော်ရုံ သံယောဇဉ်မျိုးနဲ့ မရနိုင်ပါဘူး။ သူငယ်ချင်းဆိုတာကလည်း ပေါင်းကြည့်မှ ကိုယ့်အပေါ် ကောင်းလား ဆိုးလား သိနိုင်တာမျိုးပါ။ သူငယ်ချင်း သံယောဇဉ်အကြောင်းကို ဒီတစ်လမှာတော့ အဆိုတော် ကိုနောနော်နဲ့ သူ့ရဲ့သူငယ်ချင်းများက ပြောပြပါလိမ့်မယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ ရန်ကုန်ကို ၁၉၉၄-၉၅ ခုနှစ်လောက်က ရောက်ရှိ လာခဲ့တဲ့ ကိုနောနော်က မြစ်ကြီးနားမှာလည်း သူငယ်ချင်းတွေရှိခဲ့ပါသေးတယ်တဲ့။ ရန်ကုန် ရောက်ပြီးမှ ခင်ခဲ့တဲ့ အခုသူငယ်ချင်းတွေကလည်း အချစ်ဆုံးတွေပဲမို့ Loving Friend ကဏ္ဍ လေးမှာ ပါဝင်ဖြစ်ခဲ့ကြပါတယ်။ Loving Friend ကဏ္ဍကို ရိုက်ဖို့ ကိုနောနော်တို့ရှိရာ Max Studio ကို ရောက်သွားတယ်ဆိုရင်ပဲ ကိုနောနော် ဂစ်တာသံသွင်းနေတာကို တွေ့ရပါတယ်။
ဘေးမှာလည်း သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ကိုအားဖုံနဲ့ ကိုချစ်ပြူးတို့က နားထောင်ပေးနေကြလို့ တစ်ခါတည်း ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ အသံဖမ်း အင်ဂျင်နီယာကတော့ ကိုဖိုးချစ်ပါ။ ကိုညလင်းထည်က ခဏနေမှ ရောက်လာပြီး အခန်းအပြင်ဘက်မှာ စောင့်နေပါတယ်။ အသံသွင်းပြီးမှ ကိုနောနော်နဲ့ သူငယ်ချင်းလေးယောက်က တစ်ဖက်ခန်းမှာရှိတဲ့ တီးဝိုင်းမှာ ကိုယ်စီနေရာယူပြီး တီးခတ်မှုကို စတင်ပါတော့တယ်။ ကိုနောနော်တို့ တီးခတ်ပြတဲ့ သံစဉ်တွေကို နားထောင်ရင်း သူငယ်ချင်းတစ်စုရဲ့ လှုပ်ရှားမှုတွကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ အမှတ်တရ အပြင်မှာ ဓာတ်ပုံ ထွက်ရိုက်တော့မှ နောက်ဆုံးကျန်နေတဲ့ ကိုနောနော်ရဲ့ သူငယ်ချင်း ကိုဝုန်းဒိုင်း ရောက်လာပါတော့တယ်။ ကိုဝုန်းဒိုင်း ရောက်လာမှ အားလုံး ပုံစုရိုက်ပြီး သူငယ်ချင်းနဲ့ ပတ်သက်တာတွေ မေးဖြစ်ခဲ့တယ် ဆိုရမှာပေါ့။
 
ကိုနောနော်

ဘယ်သူမဆို တစ်ယောက်တည်းနေတာထက်စာရင် သူငယ်ချင်းရှိတာ ပိုကောင်းပါတယ်။ အထူးသဖြင့် သူငယ်ချင်းကောင်းပေါ့။ အခု ကျွန်တော့်ရဲ့ သူငယ်ချင်းတွေက ကျွန်တော့်အပေါ် အကုန်ကောင်းပါတယ်။ ကျွန်တော်က ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိပါ။ အဲဒီမှာလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ရှိပါသေးတယ်။ ဒီသူငယ်ချင်းတွေကတော့ ရန်ကုန်ရောက်မှ ခင်တာပါ။ ခင်တဲ့အချိန်ကာလက အကြာကြီး မဟုတ်သေးပေမဲ့ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းအရင်းတွေပါ။

ဝုန်းဒိုင်းနဲ့ပတ်သက်ပြီးပြောရရင် သူက ပွင့်ပွင့်လင်းလင်းရှိတယ်။ ခင်တတ်မင်တတ်တယ်။ စိတ်ရင်းနဲ့ ပေါင်းလို့ရတယ်။ သူ့စိတ်က ဖြူစင်တယ်။ နောက် ထူးခြားတာပြောရရင် သူက ဆံပင်လည်း ရှည်တယ်။ (ရယ်လျက်) လူတွေကို အရမ်းကူညီတတ်တယ်။

ကိုချစ်ပြူးက အလုပ်လုပ်ရင် သေချာလုပ်တယ်။ ကြိုးစားတယ်။ နူးညံ့တယ်။ စိတ်ထား မြင့်မြတ်တယ်။ စိတ်ထားမြင့်မြတ်တယ်ဆိုတာက သူက နေရာတိုင်းမှာ သဘောထားကြီး တတ်တယ်။ ကလေးမဆန်ဘူးလို့ ဆိုတာပါ။ တည်ငြိမ်ရင့်ကျက်တယ်။ အမှားဆိုရင်လည်း အမှားမှန်းသိတယ်။ အားနည်းချက်ကတော့ မျက်လုံးပြူးတာပေါ့ (ရယ်လျက်)။ ဂစ်တာတီးတာ အရမ်းတော်တယ်။ ပျော်ပျော်နေတတ်တယ်။ ကျွန်တော့်ရဲ့ကိစ္စ တော်တော်များများကိုလည်း ကူညီပေးတာများပါတယ်။ အစစ အရာရာပါပဲ။

ညလင်းထည်က သီချင်းရေးတယ်။ စိတ်ထားကောင်းတယ်။ ကျွန်တော်တို့နဲ့ ပေါင်း လို့ရတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ သူ့ရဲ့ အားနည်းချက်က ဟန်မဆောင်တတ်ဘူး။ အစား ကြီးတယ်(ရယ်လျက်)။ သူ့ရဲ့ အားသာချက်က သီချင်းဆိုတာ အရမ်းကောင်းတယ်။ သီချင်း လည်း ဆိုတော့မှာ။

ကိုဖိုးချမ်းကို ခင်တာ အချက်တွေ အများကြီးပါပဲ။ နည်းနည်းပြောရမယ်ဆိုရင် သူလည်း စိတ်ထားကောင်းတယ်။ ကျွန်တော့်ကို အများကြီး အကူအညီပေးတယ်။

သူနဲ့အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ ပွင့်ပွင့်လင်းလင်း ရှိတယ်။ သူလည်း ဟန်မဆောင်တတ်ဘူး။
ကိုအားဖုံက ကျွန်တော်နဲ့ ညီအစ်ကို ဝမ်းကွဲ တော်ပါတယ်။ သူက ညီအစ်ကိုဆိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ ကောင်းပါတယ်။ ညီအစ်ကို သူငယ်ချင်းပေါ့။ (ရယ်လျက်)

ကိုနောနော်က သူ့ရဲ့ သူငယ်ချင်းတွေ အကြောင်းကို အကောင်းတွေချည်း ပြောသွားပါတယ်။ သူ့အပေါ်မှာလည်း တကယ်ကောင်းလို့ ဖြစ်ပါလိမ့်မယ်။ ဒီတစ်ခါ သူ့ရဲ့ သူငယ်ချင်းတွေလည်း သူနဲ့ပတ်သက်တဲ့ အချက်လေးတွေကို ပြောပြသွားခဲ့ပါတယ်။

 
ကိုဝုန်းဒိုင်း

သူက ပွင့်လင်းတယ်။ ညီအစ်ကိုလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အကူအညီလို တာကို ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ အားနာမှုမရှိပါဘူး။ တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တယ်လေ။ ကျွန်တော်က ရှမ်းပြည်နယ်က တောင်ပေါ်သားပါ။ ကိုနောနော်ရဲ့ သီချင်းတွေကို နေ့တိုင်း နားထောင်ဖြစ်တယ်။ သူ့သီချင်းတွေကိုလည်း အရမ်းကြိုက်ပါတယ်။ ‘အတိုင်းထက်အလွန်’ကို အကြိုက်ဆုံးပါပဲ။ (ဟုတ်ရဲ့လားဟု ကိုနောနော်မှ ဝင်နောက်ပါသေးတယ်)။ သူ့အသံက ပြောစရာ မလိုပါဘူး။ အရမ်းကောင်းတယ်။ အသံ power အားကောင်းတယ်။ High Speed အပြည့်ပါပဲ။ သူ့အကြောင်း မှတ်မိသလောက် ပြောရရင် ကျွန်တော် ထမင်းစားတဲ့အချိန်မှာ သူရောက်လာတယ်။

အခွေကူးချင်လို့တဲ့။ အဲဒီမှာ ကျွန်တော် သူ့ကို ညီအစ်ကိုလို ချစ်သွားတာ။ အဲဒီအချိန် မီးလည်း မလာဘူး။ မီးစက်နဲ့ ကူးပေးလိုက်တယ်။ သီချင်းတွေ လာပြင်ရင်လည်း အမြဲကူညီဖြစ်တယ်။ သူ့ရဲ့ ထူးခြားမှုက သူ့ချစ်သူကို ကျွန်တော် မမြင်ဖူးဘူး။ မြင်ချင်ပါတယ်။ (ရယ်လျက်)
ကိုချစ်ပြူး

ကျွန်တော်တို့က ကိုနောနော်နဲ့ စသိတာ Music နဲ့ စသိတာလေ။ သူငယ်ချင်းလို စသိတာ မဟုတ်ဘူး။ အတူတူ တွဲလုပ်ရင်းနဲ့ သိလာတာ တစ်ခုက သူ Music ကိုပဲ စိတ် ရောက်ရောက်နေတာ။ ဒါက သူ့ရဲ့ အားသာချက်ပါ။ Music ထဲမှာ စိတ်ကို အရမ်းထည့်ထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အရမ်း ခင်သွားတာ။ ကျွန်တော်လည်း ဒီ အတိုင်းပဲ။ ရှိတဲ့ဘဝရဲ့ ၉၉ ရာခိုင်နှုန်းလောက်က Music အတွက် ပေးထားတာပေါ့။ ဒါက ကျွန်တော်တို့ နှစ်ယောက်ရဲ့ အားသာချက်လို့ ပြောလို့ရပါတယ်။ အားနည်းချက်ကတော့ ကျွန်တော် မုန့်ဟင်းခါးတစ်ပွဲ ဝယ်ထားတာ ကိုနောနော် စားဦးမလား

မေးလိုက်တော့ ‘စားမယ်’တဲ့။ အဲဒါနဲ့ ကျွန်တော်တို့တစ်ယောက် တစ်ဝက်စားလိုက်ရတယ်။ အဲဒီလို ပွင့်လင်းတယ်။ ကျွန်တော်က Bass တီးတာဆိုတော့ အမြဲတမ်းလက်တွဲပြီး စိတ်တူကိုယ်တူလုပ်သွားမှာပါ။
  
ညလင်းထည်

ကိုနောနော်အတွက် အဓိက သီချင်းတွေရေးဖြစ်တယ်။ ကျွန်တော်လည်း သီချင်းဆိုတော့မှာ၊ ကိုနောနော်က အရမ်းခင်ဖို့ ကောင်းတယ်။ ကူညီတတ်တဲ့ စိတ်လည်း ရှိတယ်ဗျ။

ဖိုးချမ်း

ပြောစရာမရှိလောက်အောင်ကို ကောင်းပါတယ်။ လက်တွဲလုပ်ခဲ့တဲ့ အချိန်တွေမှာရော အခု လက်ရှိအချိန်မှာပါ အကုန်လုံးကောင်းပါတယ်။ ကျွန်တော်တို့က အလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်း တွေ့ဖြစ်ကြတယ်။ အားလပ်တဲ့ အချိန်မှာဆိုရင် ကိုနောနော်အိမ်မှာ စုပြီးတော့ ပီတူးနဲ့ ဘောလုံးကန်တယ်။ Game ဆော့တယ်။ ဒီလောက်ပါပဲ။ ကျန်တဲ့အချိန်တွေမှာလည်း အလုပ်နဲ့ပတ်သက်ပြီး အမြဲတွေ့နေတာဆိုတော့ သိပ်ထူးခြားမှု မရှိပါဘူး။

ကိုအားဖုံ

ကျွန်တော်က Drum တီးတာပါ။ ပုံးခေါက်တာပေါ့။ (ရယ်လျက်) နောနော်ရဲ့ အားနည်းချက်က သူများကို အရမ်းအားနာတတ်တယ်။ သူ့ရဲ့ စိတ်ရင်းဖြူစင်တော့ အားနာတတ်တာပေါ့ဗျာ။ တိုင်းရင်းသားတွေဆိုတော့ သိတဲ့အတိုင်းပဲ။ သူများကို အရမ်းကူညီ တတ်တယ်။ ဘယ်သူ ဘယ်ဝါရယ်မှ မဟုတ်ပါဘူး။ တချို့တွေဆိုရင် အခုမှ မတွေ့ဖူးပေမဲ့ ကူညီတယ်။ စိတ်ရင်းစေတနာကောင်းတယ်။ ကျွန်တော်တို့က Music သမားတွေဆိုတော့ အဓိကက Music ဖန်တီးတဲ့ အချိန်မှာ စိတ်တူကိုယ်တူရှိဖို့ အရေးကြီးတာပေါ့ဗျာ။ အကုန်လုံး အားနည်းချက် ကိုယ်စီတော့ ရှိကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကြတော့ စကားများစရာလည်း မရှိတော့ဘူး။ သူက အေးလည်း အေးပါတယ်။ ပူလည်း ပူပါတယ်။ (ရယ်လျက်) တစ်ခါတလေ ကျွန်တော်တို့ ချိန်းထားတာရှိလို့ နောက်ကျတဲ့အချိန်ဆို သူက တအားပူတယ်။ ဖုန်းတွေ တဂွမ်ဂွမ်ဆက်တယ်။ သူက အချိန်တိကျပါတယ်။

ကဲ...ဒီလောက်ဆိုရင် ကိုနောနော်ရဲ့ စိတ်ဓာတ်က ဘယ်လိုရှိတယ်၊ ကိုနောနော်ရဲ့ သူငယ်ချင်းတွေက ဘယ်လောက် ပွင့်လင်းတယ် ဆိုတာကို သိလောက်ပါပြီ။ သူတို့အချင်းချင်းထားတဲ့ သံယောဇဉ်၊ ခင်မင်မှုတွေကို သူတို့ရဲ့ ပုံရိပ်လေးတွေက ပြောပြနေတယ်နော်။
မြတ်ဆုသွယ်ကြည်ဟန်