- နေ့ရောညပါ အလုပ်တွေလုပ်ပြီး အောင်မြင်အောင်ကြိုးစားခဲ့ရသလို အောင်မြင်လာတဲ့ အတွက် နေ့ရောညပါ အလုပ်တွေ ဆက်လုပ်နေပြီး အောင်မြင်ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ သူမရဲ့ အောင်မြင်နေတဲ့ဘဝနဲ့ ပတ်သက်ပြီး အောင်မြင်မှု-ပေးဆပ်မှု ၊ ပေးဆပ်မှု-အောင်မြင်မှု။
ဒီအလုပ်က စိတ်တွေအကုန်လုံးကို အလုပ်ထဲမှာပဲ နှစ်မြှုပ်နိုင်မှရမှာလေ။ တစ်ခြားတစ်ခုခုကို စိတ်ရောက်သွားတာနဲ့ ဒီဘက်မှာ လျော့သွားတာပဲလေ။ ပေးဆပ်ရတဲ့အရင်းအနှီးက အဓိကကတော့ အချိန်ပဲပေါ့။ မနက်မိုးလင်းကနေ မိုးချုပ်အထိ ဒီအလုပ်ထဲမှာပဲ အကုန်လုံးကို ပေးထားရတယ်။ လူမှုရေး၊ သာရေး၊ နာရေးတွေဆိုရင် ဒီအလုပ်နဲ့ ပတ်သက်ပြီးမှ တော်တော်လေး ပျက်ကွက်လာတယ်။ မျက်နှာပျက်ရပေါင်းတွေလည်း တော်တော်ကို များလာတယ်။ အဓိကကတော့ စိတ်ပါပဲ၊ အလုပ်ထဲမှာ စိတ်ကိုမြှုပ်နှံထားရတယ်။
- အောင်မြင်ပြီး ပြည့်စုံနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်မှာ နောက်ထပ် လိုအပ်ချက်တွေရော ရှိနေသေးလား။
ဘာတွေလိုအပ်သလဲဆိုတော့ အဓိကက စိတ်ချမ်းသာပြီး စိတ် ကျေနပ်မှုပေါ့။ လူတစ်ယောက်မှာ သူလုပ်နေတဲ့အလုပ်တစ်ခုကို ကျေနပ် နေမယ်။ သူလျှောက်နေတဲ့ဘဝမှာ လျှောက်လှမ်းရတာ စိတ်ချမ်းချမ်းသာသာ လေးနဲ့ လျှောက်လှမ်းနေရရင် ပြီးသွားပြီ။ ဒါ စိတ်ကျေနပ်မှုတစ်ခုပဲလို့ ထင်တယ်။ အူဝဲ အခုလုပ်နေတဲ့ အလုပ်ကိုလည်း စိတ်ကျေနပ်မှုရှိလို့ စိတ်ချမ်းသာလို့ လုပ်နေတယ်လို့ ပြောလို့ရတာပေါ့။ တစ်ခုတော့ ရှိတာပေါ့။ ဒါက သူ့အချိန်နဲ့သူပါပဲ။ နောင်တစ်ချိန်မှာ အူဝဲ ဘယ်လိုဘဝမျိုးမှာ ကျေနပ်ရမလဲ ဆိုတာကိုတော့ ကြိုပြောလို့ မရဘူး။ အဲဒီလိုမျိုးတော့ ရှိတယ်။
- ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်မိသားစု တည်ဆောက်ဖို့ဆိုတာလေးကိုရော စိတ်ကူးမိ သေးလား။ တကယ်လို့ စိတ်ကူးမိရင်ရော ဘယ်လိုပုံစံမျိုးလေး တည်ဆောက်ချင်လဲ။
များသောအားဖြင့် အဆင်ပြေတဲ့ အိမ်ထောင်ရေးက ရှားတယ်။ ရှိတော့ ရှိတာပေါ့နော်။ လူဆိုတာက ကိုယ့်ပါရမီ၊ အတိတ်ကံတွေလည်း ပါတာပေါ့။ အိမ်ထောင်ရေးဆိုတာက ကံတရားလည်း ပါပါတယ်။ ကိုယ့်အနုပညာ အသိုင်း အဝိုင်းမှာကတော့ သူတို့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ သိပ်မသိတော့ မပြောတတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာတော့ ရှိတယ်။ သူတို့မိသားစုလေးက ဘဝကို အေးအေး ဆေးဆေးနဲ့ ဖြတ်သန်းကြတယ်။ စိတ်ချမ်းသာမှုတွေ ရကြတယ်။ ဘာပြဿနာမှလည်း မရှိဘူး။ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ အချိန်တွေမှာ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အေးချမ်းမှုလေး ရှိနေတယ်။ အူဝဲအနေနဲ့ စိတ်တိုင်းကျတယ်၊ အားလည်း အားကျတယ်။ အူဝဲ အိမ်ထောင်ပြုဖြစ်မယ်ဆိုရင်လည်း ကိုယ် မှီခို အားထားရမယ့်သူတစ်ယောက်က အားကိုးနိုင်လောက်တဲ့ အရည်အချင်း သူ့ဆီမှာ ရှိနေ ရမယ်။ family တစ်ခုလုံးမှာ အဓိကက သူပဲ ဆိုတော့လေ။ ယောကျာ်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေရမယ်။ အဲဒါတွေအပြင် စိတ်ဓာတ်ပေါ့။