- လက်ရှိအချိန်အထိ ဖြစ်သန်းခဲ့တဲ့ ဆယ်စုနှစ်နှစ်စုမှာ အနုပညာအလုပ်တွေ စလုပ်တုန်းကနဲ့ အခုအချိန်မှာရှိနေတဲ့စိတ်တွေရဲ့ ကွာခြားချက်တွေကို ပြောပြပါဦး။
လူတိုင်းမှာ ဒုက္ခတွေ၊ ပြဿနာတွေ ရှိတယ်။ အဲဒါတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းကြရတာလေ။ အဲဒီပြဿနာ အခက်အခဲတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်ရမယ်၊ ရင်ဆိုင်နိုင်ရမယ်။ ပြဿနာဖြစ်တာကို ကြောက်စရာမလိုဘူး။ အဲဒီပြဿနာကို ဘယ်လိုနည်းနဲ့ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်ဖို့လိုတယ်။
- အဲဒီစိတ်တွေက မစိုးဘဝရဲ့ထောက်တိုင်တွေလို့ ဆိုနိုင်မလား။
ဟုတ်တယ်။ ကျွန်မဘဝတစ်ခုလုံးကို အဲဒီစိတ်တွေနဲ့ ဆောက်တည်လာတာ။ လူတစ်ယောက်ရဲ့ဘဝမှာ Struggle တွေရှိတယ်။ ကျွန်မလည်း အနုပညာအလုပ်တွေကို လုပ်တဲ့အခါမှာ Struggle တွေ လုပ်ခဲ့ရသလို၊ ဘဝဖြတ်သန်းရတဲ အခါမှာလည်း Struggle တွေ လုပ်ခဲ့ရတယ်။ ဒါကြောင့် စိတ်ဓာတ်သာ ခိုင်ခိုင်မြဲမြဲ မရှိခဲ့ရင် အခုလိုဖြစ်လာမှာ မဟုတ်ဘူးလေ။
- ကိုယ်တည်ဆောက်ခဲ့တဲ့ အောင်မြင်မှုကို ကာလရှည်ထိန်းထားနိုင်ခဲ့တဲ့အရင်းခံ စိတ်ကရော ဘာဖြစ်မလဲ။
ကျွန်မ အများကြီးပြောခဲ့ဖူးပါတယ်။ အောင်မြင်တာနဲ့ ကျော်ကြားတာ မတူဘူးလို့။ ကျွန်မအရွယ်ရလာတဲ့အခါကျတော့ ဘယ်အလုပ်ပဲလုပ်လုပ် အဓိပ္ပာယ် ရှိချင်လာတယ်၊ အောင်မြင်ချင်တယ်။ ဒီတော့ ကိုယ်လုပ်ချင်တဲ့အလုပ်တွေ အပေါ်မှာ စိတ်ပါဝင်စားစွာနဲ့ လေးလေးစားစား၊ ရိုရိုသေသေလုပ်မယ်လို့ စဉ်းစားထားတယ်။ ကျွန်မအတွေ့အကြုံအရဆိုရင် သူများတွေအတွက်တော့ အောင်မြင်မှာပဲ။ ဒါပေမဲ့ ကျွန်မ မကျော်ကြားချင်ဘူး။ အဲဒီ ကျော်ကြားတာကြီးကို ကျွန်မ မကြိုက်ဘူး။ ဒီတော့ ဒီအသက်အရွယ်မှာ ကျွန်မလုပ်တဲ့ အလုပ်မှန်သမျှဟာ တည်တည်ငြိမ်ငြိမ်လေးနဲ့ အောင်အောင်မြင်မြင်လေး ဖြစ်ချင်တယ်။ ကျွန်မ တစ်ယောက်တည်းနဲ့စာရင် အားလုံးစုပေါင်းပြီးလုပ်ရတဲ့ အနေအထားမျိုးကို နှစ်သက်တယ်။
- မစိုး ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ အပျော်ရွှင်ဆုံးအချိန်က ဘယ်အချိန်လဲ။
အမှန်အတိုင်းပြောရရင် ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတာ မရှိသလို အရမ်း ပျော်ခဲ့တာလည်း မိသားစုမှာ မရှိဘူး။ ငယ်ငယ်တုန်းက အဲဒီလို မရှိခဲ့တဲ့အတွက် ကြီးလာတော့လည်း ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့တာက ဝမ်းနည်း ဝမ်းသာခြင်းနဲ့ ပတ်သက်လို့ရော ကျွန်မစိတ်ထဲမှာ နင့်နင့်နဲနဲ မခံစားရဘူး။ လူတိုင်းမှာတော့ စိတ်ဆင်းရဲစရာကတော့ ရှိတာပဲ။ အဲဒီဟာတွေ အားလုံးကို သူ့ကဏ္ဍနဲ့သူ ထားတယ်။ ကျွန်မလုပ်တဲ့အလုပ်က စိတ်ကို အခြေခံ ပြီးလုပ်ရတဲ့အလုပ်လေ။ အဲဒီလိုမှ ကဏ္ဍခွဲမထားရင် ကျွန်မ ဂေါက်သွားလိမ့်မယ်။ ဒါကြောင့် အပျော်ဆုံးအချိန်၊ ဝမ်းနည်းဆုံးအချိန်ဆိုတာတွေ ကျွန်မဘဝမှာ မရှိခဲ့ဘူး။
- ဒါဆိုရင် မျက်ရည်ကရော မစိုးဘဝမှာ အရေးမပါခဲ့ဘူးလား။ မျက်ရည်ကိုရော အသုံးချခဲ့ဖူးလား။
ကျွန်မက ဝမ်းအနည်းဆုံးဆိုတာ မရှိခဲ့ဘူးဆိုပေမဲ့ သိပ်ဝမ်းနည်းတတ်တယ်။ အသက်ကြီးလေ အားငယ်လေပဲ။ ကုလားကားတွေ၊ ကိုရီးယားကားတွေ ကြည့်ပြီဆိုရင် မျက်ရည်တဖြိုင်ဖြိုင်ပဲ။ ထစ်ခနဲရှိ မျက်ရည်ကျတော့တာ။ အဲ.. ဒါပေမဲ့ ရုပ်ရှင်ရိုက်ပြီဆိုရင်တော့ မျက်ရည် မကျတော့ဘူးလေ။ အမှန်တကယ်ဆိုရင် အနုပညာသမားတွေဟာ နှလုံးသားနုကြတယ်။ မာတယ် ဆိုတဲ့သူတွေရှိတယ်ဆိုတာ အလကား အပိုတွေနေမှာ။ ရုပ်ရှင်ရိုက်ရင်သာ သရုပ်ဆောင်ကြတာ။ အကုန်လုံးကို ကြည့်ကြည့်လိုက်ပါ။ အားလုံးဟာ နုတဲ့ သူတွေချည်းပဲ။ ပိုတောင်နုကြပါသေးတယ်။ ကျွန်မဆိုလည်း ဒီလိုပဲ။ ကိုယ့် ရင်ထဲမှာ ကိုယ်ပဲ သိတယ်လေ။ အခြေအနေက ဒီလိုဖြစ်နေတာဆိုတော့ ဒီပေါ်မှာပဲ ကိုယ့်ကိုယ်ကိုယ် ဆောက်တည်ရတာလေ။ မျက်ရည်ကို အသုံးချတာ မဟုတ်ပေမဲ့ ဝမ်းနည်းတဲ့အခါ မျက်ရည်ကျတာတော့ ရှိတယ်။ ကျွန်မက အသက်ကြီးလေ အသည်းငယ်လေပဲလေ။
- လက်ရှိအချိန်မှာ အရွယ်အရ၊ အတွေ့အကြုံအရ၊ အနုပညာသမ္ဘာအရ ရင့်ကျက်နေပြီလို့ဆိုရတော့မယ့် မစိုးကို အခုချိန်မှာထားရှိတဲ့ အနုပညာ စိတ်လေးကို ပြောပြစေချင်ပါတယ်။
ကျွန်မ ဒီအလုပ်ကို စလုပ်တုန်းက ဒီအလုပ်အကြောင်းကို သိလည်း မသိဘူး။ ဝါသနာပါလားဆိုရင်လည်း ဒီလောက်ကြီး ပါလှတယ်မဟုတ်ဘူး။ ကျွန်မ လူတွေကိုလည်း ကြောက်တတ်တယ်။ ဒါပေမဲ့ မိသားစုအခြေအနေ၊ မိဘကို ထောက်ပံ့ချင်တဲ့စိတ်နဲ့ ဒီလောကထဲ ဝင်လာခဲ့တာ။ ဒီလောကထဲ ရောက်လာတဲ့အခါကျတော့ အနုပညာအလုပ်တွေ ကျွန်မ လုပ်ခွင့်ရတယ်။ လုပ်ခွင့်ရတဲ့အချိန်မှာ စောစောကပြောသလို Struggle အရမ်းလုပ်ခဲ့ရတယ်။ အမှားတွေ၊ ရှုံးခဲ့တာတွေလည်း အများကြီးပဲ။ ဒါပေမဲ့ အဲဒီအမှားတွေ၊ အရှုံးတွေကို ကျွန်မ မေ့မပစ်ခဲ့ဘူး။ အဲဒါတွေကပဲ ကျွန်မဘဝ ရှေ့ဆက်သွားဖို့ ခွန်အားတွေအဖြစ် ဆက်သုံးတယ်။ ဒါတွေဟာ ကျွန်မအတွက် ပါဝါတွေ ဖြစ်ဖြစ်လာတယ်။ ကျွန်မ မှားခဲ့တဲ့ အတွေ့အကြုံတွေက ပါဝါတွေဖြစ်အောင် အထောက်အပံ့ပေးတယ်။ လူတိုင်း အမှားနဲ့မကင်းဘူး ဆိုတဲ့စကားကို ပြောလေ့ပြောထရှိကြပါတယ်။ ကျွန်မက အမှားကို ပြင်ရမှာ မကြောက်ဘူး။