| ၂၀ဝ၇ မေလမှာ မောင်မိုးသူ ၇၀ ပြည့်ခဲ့ပါတယ်။ အသက် ၇၀ ပြည့်တာမို့ မိတ်ဆွေအပေါင်းအသင်းများကို ဖိတ်ခေါ်တွေ့ဆုံကျွေးမွေးတာလေး လုပ်ပါတယ်။ အဲဒီ တုန်းက ဝေယျာဝစ္စအားလုံးနည်းပါးလုပ်ရတဲ့သူက ‘နိုင်ကြီး’ ပါပဲ၊ အဲလေ ‘ကိုနိုင်ကြီး’ ပေါ့။
Perfect မဂ္ဂဇင်းလုပ်ကြမယ်ဆိုတော့ နိုင်ကြီးရယ်၊ မြင့်အောင်ကျော်ရယ်၊ မောင်မိုးသူရယ်၊ ဟိုးအမြင့်ကြီးက ဆိုင်တစ်ဆိုင်မှာ`ရန်ကုန်မြို့´ကို ငှက်ရဲ့မြင်ကွင်း Bird ‘s Eye View ကနေကြည့်ပြီး Perfect ကို ဘယ်လို ပုံဖော်ထုဆစ်ကြမယ်လို့ တိုင်ပင်ခဲ့ကြတယ်။
Perfect ကို အောင်မြင်ရေးမဂ္ဂဇင်းဖြစ်တဲ့အတွက် အောင်မြင်မှုဖြစ်စေရန် ဆောင်းပါးများ ပါမယ်ပေါ့၊ ပြီးတော့ ဒီနေ့ခေတ်ဟာ အလှအပခေတ်လေ၊ အလှအပကို ဖော်ကျူးကြမယ်ပေါ့။ |
|
 |
|
| တကယ်တော့ မောင်မိုးသူဟာ အောင်မြင်မှုကို ညွှန်ပေးနိုင်လောက်တဲ့သူ၊ ပေးတတ်သူ မဟုတ်သလို၊ ဒီနေ့ခေတ်ဖက်ရှင်အလှအပများနှင့်လည်း ခေတ်သုံးခေတ်လောက်ကို လှမ်းလာခဲ့ပြီးသူ ဖြစ်ပါတယ်။ |
| ဒါပေမဲ့လည်း... ဒါပေမဲ့ပေါ့။ |
| သည်လိုဖြစ်နေတဲ့နိုင်ကြီးက လုပ်ချင်တယ်ဆိုတော့ အနုပညာကိစ္စဆိုရင်တော့ ဘာမဆို ပါမှာပဲ၊ လုပ်မှာပဲ ဆိုပြီး မောင်မိုးသူလည်း ပါခဲ့ပါတယ်။ |
| ‘နိုင်ကြီး’ ကို ဘလောက်သမားအဖြစ် စသိတာပါ။ |
| မောင်မိုးသူ ရန်ကုန်မှာမရှိခိုက်၊ မောင်မိုးသူရဲ့ ကဗျာဆရာသူငယ်ချင်း ကိုနိုင်ကြီးက အဖေလို ဦးထိပ်မှာ ထားပြီး နေရာပေးထားခဲ့လေတော့ မောင်မိုးသူ ရန်ကုန်ပြန်ရောက်ချိန်မှာ သူငယ်ချင်းကလည်း ရန်ကုန်မှာ ရှိမနေလေတော့ မောင်မိုးသူပဲ အဖေနေရာရသွားပါတော့တယ်။ သူငယ်ချင်းကဗျာဆရာက ဆုံးပါးသွားရှာပါပြီ။ ဘလောက်သမားနိုင်ကြီးက မဂ္ဂဇင်းတစ်အုပ်ကို ဦးစီးပြီး ထုတ်ပါတယ်။ ‘ဇီဝက’မဂ္ဂဇင်းပါ။ ဇီဝကမဂ္ဂဇင်းဟာ ဆေးပညာမဂ္ဂဇင်းဖြစ်လေတော့ မောင်မိုးသူ မပါဝင်နိုင်ခဲ့ပါဘူး။ ဆေးပညာနဲ့ပတ်သက်ပြီး အောင့်အီးသည်းခံပြီး ဆေးသောက်ရတာကလွဲရင် ဘာမှ မတတ်ဘဲကိုး။ |
| ဒါကတော့ နိုင်ကြီးက` ရုပ်ရှင်သစ္စာ´မဂ္ဂဇင်း၊`ပန်´ မဂ္ဂဇင်းများ ထုတ်ဝေတော့ ရုပ်ရှင်လည်း လုပ်ခဲ့ဖူး၊ ပန်းချီလည်း ပန်းချီရူးဆိုတော့ မောင်မိုးသူ တစ်နိုင်တစ်ပိုင် ပါခဲ့ပါတယ်။ Perfect မဂ္ဂဇင်းထုတ်မယ်ဆိုတော့ နိုင်ကြီးက ဘဘအတိုင်ပင်ခံ လုပ်ဗျာဆိုတော့ အလွယ်တကူပဲ ခေါင်းညိတ်ခဲ့ပါတယ်။ ခင်သက်ဦးတို့ အောင်မိုးတို့လည်း ပါတာပေါ့။ |
| တကယ်တော့ နိုင်ကြီးဟာ မြန်မာစာပေလောကမှာ စာအုပ်လုပ်တတ်သူ (Bookmaking) နည်းနည်းပါးပါး ရှိတဲ့အနက် တစ်ယောက်ပါ။ |
| ဟုတ်ကဲ့။ မောင်မိုးသူ စာပေနယ်ထဲရောက်တာ နှစ် ၅၀ ကျော်ပေါ့။ စာအုပ်ကို သပ်သပ်ရပ်ရပ် လှလှပပ လုပ်တတ်တဲ့သူက နည်းနည်းပါးပါးပဲ ရှိပါတယ်။ အဲဒီနည်းနည်းပါးပါးထဲမှာ နိုင်ကြီးပါတယ်။ နိုင်ကြီးလုပ်တဲ့ စာအုပ်မှန်သမျှ လှလှပပ သပ်သပ်ရပ်ရပ်နှင့် ချစ်စဖွယ်ဖြစ်တာချည်းပဲ။ အနုပညာသဘော၊ ရသသဘော၊ သုတသဘောကတော့ ပါတာလည်းပါ၊ နည်းတာလည်း နည်းပေါ့လေ။ ဈေးကွက်မှာ အရောင်းသွက်တာလည်း အများကြီးရှိခဲ့သလို၊ စာအုပ်တွေ အပုံလိုက် ကျန်ရစ်ပြီး စာကြည့်တိုက်တွေကို လှူပစ်ခဲ့ရတဲ့ စာအုပ်မျိုးတွေလည်း ရှိပါတယ်။ |
| ကိုနိုင်ကြီးနှင့် မောင်မိုးသူတို့ဟာ Perfect မဂ္ဂဇင်းကို စီစဉ်ထုတ်ဝေခဲ့ကြတာ ခုဆို သုံးနှစ်ခန့်ရှိပြီမို့၊ ဘဘက `မုဒိတာစကား´ ရေးပေးတဲ့။ |
| အဲ.... ကိုယ့်ဘာသာကိုယ် မုဒိတာ စကားပြောရတာ သိပ်မနိပ်လှဘူး။ |
| ရပါတယ်။ သုံးနှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ Perfect မဂ္ဂဇင်းကို ကြည့်ပြီး ပရိသတ်များကကျေနပ် လက်ခံ၊ ကိုယ်တိုင်လည်း အပြည့်အဝမဟုတ်ပေမဲ့ ထိုက်တန်သလောက်တော့ လှလှပပ သပ်သပ်ရပ်ရပ်လေး စာဖတ်ပရိသတ်ကို ပေးဆပ်နိုင်ခဲ့ကြတယ်လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ |
| စာရေးသူ စာအုပ်ထုတ်ဝေသူတို့အတွက် `စာဖတ်သူ´ဟာ ကျေးဇူးရှင်ပါပဲ။ |
| သည်ကျေးဇူးကို မောင်မိုးသူတို့တစ်တွေ အမြဲအသိအမှတ်ပြု ပေးဆပ်သွားကြရမှာ ဖြစ်ပါတယ်။ |
|
Perfect မဂ္ဂဇင်း အဓွန့်ရှည်အောင်မြင်ပါစေ။
စာဖတ်သူများကို အစဉ်လေးစားလျက်... မောင်မိုးသူ |
|
| xxxxxxxxxxxxxxxxxxxxx |
|
| လမ်းပြနေမည့် PERFECT |
|
| ကိုနိုင်ကြီးက သူ့မဂ္ဂဇင်းကို Perfect Magazine (အောင်မြင်ခြင်းမဂ္ဂဇင်း) ဟု အမည်ပေးသည်။ Perfect (အောင်မြင်ခြင်း) ဆိုသော စကားလုံးကို အင်္ဂလိပ် မြန်မာအဘိဓာန်၌ ပကတိပြည့်စုံကောင်းမွန်သော၊ အပြစ်ဆိုဖွယ်မရှိသော၊ ခြောက်ပြစ် ကင်းသော၊ စံထားလောက်သော၊ အကောင်းဆုံးဖြစ်သော. . . စသည်ဖြင့် အဓိပ္ပာယ်များ ဖွင့်ဆိုပြသည်။
နယ်ပယ်အသီးသီးမှာ အောင်မြင်မှုမျိုးစုံ ရှိနေကြပါလိမ့်မည်။ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ စသည့်နယ်ပယ်တိုင်း၌ အောင်မြင်မှုတွေ မျိုးစုံရှိကြမည်။ အနုပညာနယ်ပယ်၌ ပန်းချီ၊ ပန်းပု၊ ဂီတ၊ ရုပ်ရှင်၊ စာပေစသည့်ကဏ္ဍခွဲတွေအလိုက် ခြားနားသောအောင်မြင်မှုတွေလည်း ရှိနေကြမည်ဖြစ်သည်။ |
|
 |
|
| အောင်မြင်မှုတစ်ခုသည် အထက်ပါအဘိဓာန်က ဖွင့်ပြောသကဲ့သို့ အပြစ်ဆိုဖွယ်မရှိ၊ ပကတိပြည့်စုံကောင်းမွန်သော အောင်မြင်မှုမျိုး ဖြစ်နိုင်ပါမည်လောဟု မေးခွန်းထုတ်ကြသည်။ ထိုသို့မေးခွန်းထုတ်ပြီးနောက် Perfect ဆိုတာမျိုး မရှိနိုင်ပါဘူးဟု ဆိုတက်ကြပြန်သည်။ |
| ဤနေရာ၌ ခဏရပ်၍ ပြောစရာတစ်ခုကို ပြောချင်ပါသည်။ ကြယ်ကို အင်္ဂလိပ်ဘာသာဖြင့် `စတား´ဟု ခေါ်သည်။ လက်တင်ဘာသာက `စတယ်လာ´ဟု ခေါ်သည်။ လက်တင်ဘာသာမှာလည်း သက္ကတ၊ ပါဋိတို့ ကဲသို့ပင် `အင်ဒို-ဥရောပ´ Indo-European မိသားစုဝင်ဘာသာစကား ဖြစ်သည်။ `စတယ်လာ´ ဟူသောစကားသည် သက္ကတတွင်ရှိသော စတာရာ (Stara) ဟူသော စကား၊ တာရာ(Tara)ဟူသော စကားတို့မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ ဤအယူအဆကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကြယ်တာရာသည် ရှေးခေတ်က ရေကြောင်းသွားလာသူများ၊ ကန္တာရခရီးသွားများအတွက်တော့ လွန်စွာမှ အရေးကြီးသည်။ မှောင်မိုက်သောကာလတို့၌ အဆိုပါ ခရီးသွားများသည် ကြယ်တာရာတို့ကိုကြည့်၍ ဤကား အရှေ့၊ ဤကား အနောက်၊ ဤကား မြောက်၊ ဤကား တောင် ဟု ခွဲခြားသိနိုင်ကြသည်။ ကြယ်တာရာတို့က လမ်းပြနေသကဲ့သို့ ရှိသည်။ ဤသို့ လမ်းပြမှုကြောင့် လမ်းမမှားပဲ ခရီးသည်တွေ ခရီးနှင်နိုင်ကြသည်။ |
| ကြယ်တာရာများက ခရီးသည်တွေအဖို့ ကျေးဇူးကြီးလှပါသည်။ ကျေးဇူးကြီးလှသော ကြယ်တာရာများဆီကို ရောက်ဖို့ကတော့ မလွယ်။ |
| ဤနည်းတူ နယ်ပယ်အသီးသီးရှိ အောင်မြင်မှုအမျိုးမျိုးတို့သည် အပြစ်ဆိုဖွယ်မရှိ။ ပကတိပြည်စုံ ကောင်းမွန်ခြင်းတည်းဟူသော perfect ဆီသို့ ရောက်ဖို့တော့ မလွယ်။ အပြစ်ဆိုဖွယ်မရှိ၊ ပကတိပြည့်စုံကောင်းမွန်သော၊ စံထားလောက်သောအဖြစ်မျိုးကို ရဖို့၊ ရောက်ဖို့တော့မလွယ်။ ရောက်နိုင်ဖို့ ခက်ခဲသော်လည်း လမ်းပြနေသော ကြယ်တာရာတို့ကြောင့် လမ်းမမှားဘဲ ခရီးနှင်နိုင်သကဲ့သို့ perfect ၏ လမ်းညွန်မှုဖြင့် ကောင်းမြတ်သော အောင်မြင် မှုများဆီ ရောက်နိုင်ကြပါလိမ့်မည်။ |
| Perfect သည် အောင်မြင်ခြင်းတို့အတွက် လမ်းပြအဖြစ် တည်ရှိနေနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။ |
|
| နန္ဒသိန်းဇံ |
|
| xxxxxxxxxxxxxxxxxxxxx |
|
| Perfect မဂ္ဂဇင်းသုံးနှစ်ပြည့်တာနဲ့ ဆက်စပ်ပြီး စကားလေးတစ်ခုကို သတိရလာပါတယ်။ ရှေးက ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် မေတ္တာမျှကြပြီဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ သုံးနှစ်သုံးမိုး စောင့်ကြည့်ကြတယ်ဆိုတဲ့စကားပါ။ ခုကိစ္စက ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတဲ့ ချစ်သူနှစ်ယောက်ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ‘Perfect မဂ္ဂဇင်းဖန်တီးသူ’ နဲ့ ‘Perfect ဖတ်ရှုသူ’ ဆိုတဲ့ ချစ်သူနှစ်ယောက်အကြောင်းကိစ္စလို့တော့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
ဖန်တီးသူတွေဘက်က အကောင်းဆုံးဖြစ်အောင်ကြိုးစားဖန်တီးခဲ့ပြီး ဖတ်ရှုသူတွေ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာကို စောင့်ကြည့်ခဲ့ကြတဲ့ နည်းတူ၊ |
|
 |
|
| ဖတ်ရှုသူတွေဘက်ကလည်း ဖန်တီးသူတွေက စာဖတ်ပရိသတ် ကျေနပ်စရာဖြစ်အောင် ဘယ်လိုဖန်တီးပေးကြသလဲ ဆိုတာကို စောင့်ကြည့်ခဲ့ကြမှာပါ။ ဒီလို အပြန်အလှန် တုံ့လှယ်ရင်း သုံးနှစ်ခရီးပြည့်မြောက်ခဲ့တာမို့ နှစ်ဦးနှစ်ဖက် ကျေနပ်ဝမ်းသာစရာကောင်းမှာ အမှန်ပါပဲ။ |
| ကမ္ဘာ့စာနယ်ဇင်းသမိုင်းမှာ နှစ်ပေါင်းရာချီပြီး သက်တမ်းရှည်တဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေအကြောင်း ဖတ်ရတော့ သက်တမ်းဒီလောက်ကြာအောင် တည်တံ့နေတဲ့ဂုဏ်ကို အထူးပဲ အလေးမြတ်ပြုမိပါတယ်။ မြန်မာ့စာနယ်ဇင်း သမိုင်းမှာလည်း သက်တမ်းတော်တော်ရှည်တဲ့ စာနယ်ဇင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနေ့ရှိနေတဲ့ စာနယ်ဇင်းတွေ ထဲမှာလည်း ရွှေရတုကာလကို ကျော်ဖြတ်ပြီးတဲ့ စာနယ်ဇင်းတွေ ရှိပါတယ်။ စာဖတ်သူတွေ အနေနဲ့ကတော့ စာနယ်ဇင်း အသစ်တစ်စောင်ထွက်လာရင် ဝမ်းပမ်းတသာ ကြိုဆိုရသလို ရှိပြီးသားစာနယ်ဇင်းတွေ ရပ်ဆိုင်းသွားရင်လည်း နှမြောစိတ်နဲ့ ဝမ်းနည်းရပါတယ်။ |
| Perfect မဂ္ဂဇင်းဟာ နာမည်နဲ့လိုက်ဖက်စွာ အောင်အောင်မြင်မြင် သုံးနှစ်ခရီးကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ရှေ့လာမယ့်ခရီးမှာ တစ်ဖက်က ခေတ်ကို ရင်ဘောင်တန်းနိုင်တဲ့ အသိအမြင်တွေ၊ ဒါထက်တတ်နိုင်ရင် ခေတ်ရှေ့ပြေးတဲ့ အသိအမြင်တွေ ပေးစွမ်းနိုင်ပြီး၊ တစ်ဖက်က စိတ်ဓာတ်အရည်အသွေးကောင်းတွေ ဖွံ့ဖြိုးလာအောင် နှိုးဆော်ပေးနိုင်စွမ်းရှိတဲ့ မဂ္ဂဇင်းတစ်စောင်အဖြစ် ဆက်လက်ရပ်တည်သွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ |
|
| မောင်ခင်မင်(ဓနုဖြူ) |
|
| xxxxxxxxxxxxxxxxxxxxx |
|
| စင်းလုံးချောကောင်းခြင်း ပန်းတိုင်ဆီသို့ |
|
| Perfect မဂ္ဂဇင်း သုံးနှစ်ပြည့်သွားပြီလို့ အယ်ဒီတာကပြောတော့ ကျွန်တော် အံ့ဩသွားပါတယ်။ ကျွန်တော့်စိတ်ထဲ Perfect ကို သည့်ထက်မက နှစ်တွေအကြာကြီး သက်တမ်းရှည်နေပြီဖြစ်တဲ့ ဝါရင့်မဂ္ဂဇင်း တစ်စောင်လို့တောင် အထင်ရောက်နေတာပါ။ ဆိုလိုတာက perfect ရဲ့ ကျော်ကြားမှုနဲ့ အောင်မြင်မှု အရှိန်အဝါဟာ သုံးနှစ်စာမက ပို၍ မြင့်မားတယ်လို့ ယူဆနေမိတာ ဖြစ်ပါတယ်။
မဂ္ဂဇင်းတစ်စောင်ရဲ့ ကျော်ကြားမှုဆိုတာက အလွန်ရှင်းပါတယ်။ လူတွေကြားထဲ ဘယ်လောက်ပျံ့နှံ့သလဲ၊ မဂ္ဂဇင်းနာမည်ပြောလိုက်တာနဲ့ (စာဖတ်တဲ့)လူ ၁၀ ယောက်မှာ ၅ ယောက်အထက် သိကြသလား၊ နာမည်တောင်မကြားဖူးသလို ယောင်ဝါးဝါးဖြစ်နေသလား စမ်းကြည့်လို့ရတယ်။ (‘စာဖတ်တဲ့ လူ ၁၀ ယောက်’လို့ ကျွန်တော်ပြောပါတယ်။ စာနဲ့ပေနဲ့ မနီးစပ်တဲ့ ဖိုးသုည ၁၀ ယောက်ကို သွားမေးမိရင်တော့ စိတ်ဓာတ်ကျသွားမှာပေါ့) |
|
 |
|
| မဂ္ဂဇင်းတစ်စောင်ရဲ့ အောင်မြင်မှုကို တိုင်းတာတဲ့နေရာမှာတော့ ရောင်းစောင်ရေက ရတဲ့ငွေကြေးနဲ့ ကြော်ငြာ တွေက ရတဲ့ငွေကြေးပမာဏအပြင် စာဖတ်ပရိသတ်ရဲ့ အသံနဲ့လည်း တိုင်းတာပါတယ်။ သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်က ‘စာနယ်ဇင်းတစ်ခု ထုတ်ဝေတဲ့အခါ ပရိသတ်ဆီက မကျေမနပ် ပြစ်တင်ဝေဖန်သံ မကြားရဘူးဆိုရင် အဲဒီစာနယ်ဇင်းဟာ အောင်မြင်တယ်လို့ ပြောနိုင်တယ်’လို့ ရေးခဲ့ဖူးတယ်။ စာဖတ်ပရိသတ်ဆိုတာ လူထဲက လူတွေပဲဖြစ်လို့ လူ့သဘာဝအတိုင်းပဲ ဘာသိဘာသာ နေကြတာများတယ်။ တစ်ဖက်သားကို ချီးကျူးဂုဏ်ပြုဖို့ကော၊ ပြစ်တင်ဝေဖန်ဖို့ကော အလွန်ဝန်လေးကြတယ်။ သို့ပေမဲ့ ချီးကျူးတာနဲ့ ပြစ်တင်တာနဲ့ နှစ်မျိုးရှိရာမှာ တော်ရုံတန်ရုံ ကောင်းရုံနဲ့ ကောင်းတယ်လို့ မပြောကြပါဘူး။ မကောင်းရင်တော့ စိတ်ထဲမတွေ့ရုံနဲ့ မကောင်းဘူးလို့ အသံ ထွက်လာတာပါပဲ။ ဒါကြောင့် ပရိသတ်က ပြစ်တင်ဝေဖန်ခြင်းမပြုရင် အောင်မြင်တယ်လို့ ဆိုနိုင်တယ်ဆိုတာ အဲဒီ သဘောပါပဲ။ |
| Perfect မဂ္ဂဇင်းကို ကြည့်တဲ့အခါ အခု သုံးနှစ်တည်းဟူသော သက်တမ်းကာလအတွင်း ပြစ်တင်ဝေဖန်သံ မကြားရရုံမက ရသစုံပေးနိုင်တဲ့ အနုပညာနဲ့ အောင်မြင်ရေးမဂ္ဂဇင်းတစ်စောင်အဖြစ် ပရိသတ်နဲ့ အသိအမှတ်ပြုခြင်း ခံရပြီဆိုတာ တွေ့လာရပါတယ်။ |
| perfect ဆိုတာ စင်းလုံးချောကောင်းခြင်းလို့ အဓိပ္ပာယ်ရှိကြောင်း လူတိုင်းလိုလို သိကြပါတယ်။ ‘လူဆိုတာ ဘယ်သူမှ စင်းလုံးချောကောင်းသူရယ်လို့ မရှိနိုင်ဘူး' (Nobody is perfect)ဆိုတဲ့ ပညာရှိ အဆိုအမိန့်တစ်ခု ရှိတယ် ဆိုတာလည်း လူတိုင်းလိုလို ကြားဖူးကြမှာပါ။ သို့သော် Perfect မဂ္ဂဇင်းထုတ်ဝေသူများက သည်နာမည်ကို ယူထားခြင်းက ပန်းတိုင်သတ်မှတ်ချက်ထားရှိခြင်းဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ Perfect ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ခြင်းဖြင့် Imperfect ဆိုတဲ့ အပြစ်အနာအဆာများ နည်းနိုင်သမျှ နည်းသွားလိမ့်မယ်လို့ ယုံကြည်ပါကြောင်း မုဒိတာစကား ရေးသားလိုက်ပါတယ်။ |
|
| မောင်ဝံသ |
|
| xxxxxxxxxxxxxxxxxxxxx |
|
| ၀မ်းမြောက်ခြင်း ဥဒါန်း |
|
| - ဖတ်မှတ်ဖူးတာလေးတစ်ခုကို လက်ဆင့်ကမ်းရမယ်ဆိုရင် Magazine ဆိုတဲ့ စကားလုံးက ၁၆ ရာစုနှစ် နှောင်းကာလ ပြင်သစ်လို(Magasin)၊အီတလီလို (Magazzino)၊ အာရပ်လို(Makzan)... ဝေါဟာရ တွေရဲ့ မူရင်းအနက်အရ `သိမ်းဆည်းစုရုံးထားခြင်း´ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။
- နောက်တော့ အများသိကြတဲ့`ကျည်ကပ်´ဆိုတဲ့ အဓိပ္ပာယ်။
- အခုတော့ `မဂ္ဂဇင်း´ဆိုတဲ့ မြန်မာဝေါဟာရက အခိုင်အမာ ဖြစ်နေပါပြီ။
|
|
 |
|
| - Perfect အောင်မြင်ခြင်း မဂ္ဂဇင်းမှာတော့ `သိမ်းဆည်း စုရုံးထားခြင်း´ဆိုတဲ့ အနက်ကို ကျော်လွန်သွားပါပြီ။ အနုပညာရဲ့ ရသနဲ့ သိကောင်းစရာသုတတွေကို သူ့စာမျက်နှာတွေမှာ အကောင်းဆုံးဖြစ်အောင် သိမ်းဆည်း စုရုံး။ ပြီးတဲ့နောက် စာဖတ်သူများထံ ပေးအပ်ဖြန့်ဝေ။ |
| - ကောင်းသော၊ လှသော အပြစ်ကင်းသော၊ စေတနာမှန် ပြဋ္ဌာန်းသော၊ အလုပ်ကို တစ်စိုက်မတ်မတ်လုပ်နေသော မဂ္ဂဇင်းတစ်စောင် ဖြစ်နေပါပြီ။ |
| - လောကကြီးမှာ ပျော်ရွှင်အောင်မြင်နေသူဆိုတာ တစ်ပါးသူတွေကို ပျော်ရွှင်အောင်မြင်အောင် လုပ်ပေးနေသူပဲ ဖြစ်ပါတယ်။ |
| - သည့်ထက် ဝမ်းမြောက်စရာကောင်းတာ ဘာရှိနိုင်ဦးမှာလဲ။ ထို့ကြောင့် Perfect ဆက်လက်အောင်မြင်ပါစေ၊ အောင်မြင်ခြင်းတွေကို တစ်ပါးသူထံ ဆက်လက်ပေးအပ်ဖြန့်ဝေနိုင်ပါစေ...လို့ ဝမ်းမြောက်စွာနဲ့ ဥဒါန်းကျူးလိုက်ရပါတယ်။ |
|
| ချစ်ဦးညို |
|
| xxxxxxxxxxxxxxxxxxxxx |
|
| Perfect မဂ္ဂဇင်း စတင်ခြင်း`အခမ်းအနား´ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပတော့ ဧည့်ခံပွဲ ရောက်သည်။ စာမူတောင်းတော့ ရေးပေးသည်။ အကြောင်းအရာကို မမှတ်မိ။ တစ်ခုပဲရှိတာက Perfect ဆိုတာ `အောင်မြင်ခြင်း´မျှမဟုတ် `ဘက်စုံပြီးစီးမှ အောင်မြင်ရာ ရောက်သည်´ဟူသော မှတ်ချက်ပေးခဲ့တာ ပါဝင်သည်။
ခုတော့ Perfect က ၃ နှစ်ပြည့်ပြီပဲ။
ဆက်လက်အောင်မြင်ပါစေ။ နှစ် ၃၀ လောက် ကြံ့ကြံ့ခံထုတ်ဝေနိုင်လျှင်တော့ ‘Perfect’ (စစ်စစ်) ဖြစ်သွားလိမ့်မည်ဟု ယူဆသည်။
|
|
 |
|
| တစ်ခုတော့ ရှိသည်။ `လောက၌ ပြီးပြည့်စုံခြင်းမည်သည် မရှိ´ဟု ပညာရှိတို့ ဆိုမိန့်ထားသည်။ သို့သော် ကဏ္ဍတစ်ခုဆီမှာဖြင့် သူ့အထွာနှင့် သူ `ပြီးပြည့်စုံ´တာ ရှိကောင်းပါသည်။ |
|
| သုမောင် |
|
| xxxxxxxxxxxxxxxxxxxxx |
|
| ကာလတစ်ခုဖြတ်သန်းမှု မြန်ဆန်သည်။ Perfect မဂ္ဂဇင်း ၃ နှစ်တင်းတင်းပြည့်ပြီ ဖြစ်၍ မကြာသေးလှသော ကာလဖြစ်သော်လည်း Perfect မဂ္ဂဇင်းသည် `ပြည့်စုံစွာ´ ဖူးပွင့်နိုင်ခဲ့သည်။ အပြင်အဆင်တို့ကောင်း၏၊ အတင်အပြတို့ ညက်ညော၏၊ စေတနာတို့ကို အလျှံပယ် တွေ့ရသည်။
ထုတ်ဝေသူတို့၏ ရင်မှ ဖွားသန့်စင်လိုက်သော Perfect မဂ္ဂဇင်းသည် စေတနာ သဒ္ဒါတို့ဖြင့် ထုံမွှမ်းခံရသည်ဖြစ်၍ လှပကြည်လင်ကြော့ရှင်းရသည်။ ကိုယ်သင်းနံ့တို့လည်း ပျံ့ကျက်ရသည်။ အလျှောက်အလှမ်းသည်ပင် ဆင်မယဉ်သာ ရှိလှသည်။ Perfect ၏ အဆင်းသည်လည်းကောင်း၊ရနံ့သည်လည်းကောင်း၊ သဏ္ဌာန်သည် လည်းကောင်း ငှားစွင့်စွင့် ရှိလာသည်နှင့် တပ်မက်သူ၊ တမ်းတသူ၊ လွမ်းဆွတ်သူတို့ ပိုလာရသည်။
|
|
 |
|
| ပြည့်စုံရန်ကြိုးစားခဲ့သော Perfect သည် ပြည့်စုံသောအလှအပတို့ကို ပိုင်ဆိုင်ခဲ့ပြီး အနာဂတ်တွင်လည်း ပို၍ပြည့်စုံရသော အလှတို့ကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း... |
|
| နေဇင်လတ် |
|
| xxxxxxxxxxxxxxxxxxxxx |
|
| Perfect သုံးနှစ်ပြည့်ပြီတဲ့။
နာမည်နဲ့လိုက်အောင် Perfect အောင်မြင်မှုသရဖူထိန်းထားနိုင်တုန်း။ ဒေါက်တာရဲ နဲ့ရော၊ လင်္ကာရည်ကျော်နဲ့ရော လက်တွဲမြဲနေတုန်း။
ဒီနေ့ `ကြိုးကြာတောင်ပံခတ်သံ´ရုပ်ရှင်ကန်တော့ပွဲမှာ စာနယ်ဇင်းက သမီးလေး တစ်ယောက် အင်တာလာဗျူးရင်း ပြောသွားတယ်။
လင်္ကာရည်ကျော်ဝတ္ထုတိုတွေထဲမှာ ပထမဦးဆုံး Perfect မဂ္ဂဇင်း အမှတ် ၁ မှာ ပါခဲ့တဲ့ `အမြဲစိမ်း...လမ်းကလေး´ကို အကြိုက်ဆုံးတဲ့။ စဉ်းစားကြည့်တော့ အဲဒီဝတ္ထုက ကျွန်တော့်ရဲ့ ၂၅ ပုဒ်မြောက်လောက် ရှိမယ်။
|
|
 |
|
| အခုဆို ၈၀ ကျော်လောက်ရှိပြီဆိုတော့ စာရေးဆရာဖြစ်ခါစ ပူပူနွေးနွေးမှာ ရေးခဲ့တာပေါ့။ အဲဒီကတည်းက Perfect နဲ့ လင်္ကာရည်ကျော်၊ ပြီးတော့ `ရင်သွေးရတနာလေးများအတွက်´အမှတ် ၁ ကလည်း Perfect အမှတ် ၁ မှာပါခဲ့တာဆိုတော့ Perfect နဲ့ ဒေါက်တာရဲ လက်တွဲခဲ့ကြတာ Perfect သက်တမ်းအပြည့်ဆိုပါတော့။
ဝမ်းသာတယ်ဗျာ။ |
| Perfect သည့်ထက်အောင်မြင်ပြီး ကြာရှည်တည်မြဲနိုင်ပါစေ...
|
|
လင်္ကာရည်ကျော်(ခ) ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်) |