Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter

အပြောင်းအလဲကို လက်ခံ
ဦးနေမင်းထွန်း (Mechanical MBA)
မြန်မာ့အလှ ဒီဂျစ်တယ်လ်ကင်မရာ၊ ဗီဒီယိုကင်မရာအရောင်းပြခန်း
အလုပ်ရဲ့တန်ဖိုးကိုသိပြီး အဲဒီအလုပ်ရဲ့တန်ဖိုးကို မြင့်လာအောင် ကြိုးစားခြင်းက အောင်မြင်မှုကို ရှေးရှုခြင်းပါပဲ။ လုပ်နေတဲ့အလုပ်တစ်ခုရဲ့ အတိုင်းအရှည်ကို ချင့်ချိန်ပြီး မှန်ကန်တဲ့ဦးတည်ချက်၊ ရည်ရွယ်ချက်တွေကို ချမှတ်နိုင်ခဲ့ရင်တော့ ဒါဟာ ပန်းတိုင်ရှိတဲ့ခရီးကို စတင်ခြင်းလည်း ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်နေရာကိုရောက်မယ်ဆိုတာကို သိထားရုံထက် ဘယ်အချိန်မှာတော့ဖြင့် ဘယ်နေရာကို ရောက်ကိုရောက်ရမယ်၊ အဲဒီလိုရောက်အောင် ဘယ်လိုအားထုတ်မှုတွေ စိုက်ထုတ် ရမယ်ဆိုတာကို ပြောခဲ့သူက မြန်မာ့အလှဒီဂျစ်တယ်လ်ကင်မရာ၊ ဗီဒီယိုကင်မရာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ ပိုင်ရှင် ဦးနေမင်းထွန်းပါ။ သူ့အလုပ်သူ့ဘဝ၊ သူ့ရည်မှန်းရာနဲ့ သူလျှောက်နေတဲ့လမ်းတွေအပေါ် အလေးအနက် တန်ဖိုးထားတတ်သူ တစ်ယောက် ဖြစ်ခဲ့တယ်။
“ငယ်ငယ်က မသိတတ်၊ မစဉ်းစားတတ်သေးပေမဲ့ ခုနှစ်တန်း၊ ရှစ်တန်းလောက် ရောက်တဲ့အခါ သက်မွေးဝမ်းကျောင်းပညာဆိုတာကို တွေးမိခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်ဆိုတာ ကိုတော့ ကိုယ့်ရည်ရွယ်ချက်ထဲကနေ ဖယ်ထားခဲ့တယ်။ အင်ဂျင်နီယာကိုတော့ ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ ၁၀ တန်း ပထမဖြေတဲ့နှစ်မှာ ကိုယ်မှန်းသလို မဖြစ်နိုင်လို့ လက်လျှော့ပစ်ခဲ့တယ်။ ဒုတိယဖြေတဲ့နှစ်မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် စက်မှုတက္ကသိုလ်ကို BE (Mechanical) နဲ့ တက်ခွင့်ရခဲ့တယ်”
ရည်ရွယ်ချက်ဆိုတာကလည်း လွယ်လွယ်ပြောတိုင်း ဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ တကယ့် ရည်ရွယ်ချက်ဆိုတာ ဘဝနဲ့ရင်းပြီး ထွက်ပေါ်လာရတာမျိုးပါ။ အဲဒီအတွက် တကယ်ကြိုးစားသူတွေအတွက် တကယ်ကိုပဲ ရင်းနှီးမြှုပ်နှံရပါတယ်။
“ကိုယ်သိထားတဲ့ လက်တွေ့အတွေ့အကြုံတွေကို အခြေခံသီအိုရီတွေ၊ နည်းလမ်း နည်းစနစ်တွေနဲ့ ပေါင်းစပ် လုပ်ဆောင်နိုင်ရင် အချိန်တိုတိုအတွင်းမှာ စနစ်ကျတဲ့၊ ခိုင်မာတဲ့အောင်မြင်မှုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အများစုက ကိုယ်တိုင်လုပ်ကိုင်ရတဲ့ အတွေ့အကြုံတွေအပေါ်မှာ အမှားတွေကိုတွေ့၊ အမှန်ပြင်ရင်း လုပ်ခဲ့ကြတာမျိုးတွေ ရှိခဲ့ကြတယ်။ သင်ခန်းစာတွေ အများကြီးကြုံပြီးမှ အမှန်တွေကို ရလာကြတာ များတယ်။ အဲဒါတွေအတွက် ပညာရပ်တစ်ခုသာ ရှိခဲ့မယ်၊ တတ်ခဲ့မယ်ဆိုရင် သူများ ၁၀ နှစ်စာမှားပြီးမှ မှန်ခဲ့တဲ့ လမ်းကြောင်းကို ကိုယ်က အချိန်တိုတိုအတွင်းမှာ ရောက်နိုင်မယ်လို့ တွေးမိခဲ့တယ်။ အမှားတွေကိုကြိုသိခဲ့ရင် ရှောင်ပြီး အမှန်ကို ရွေးချယ်ဖြစ်မှာပဲလို့ စဉ်းစားမိပြီး MBA ကို ရွေးချယ်ဖြစ်ခဲ့တာပါ”
မိဘလက်ငုတ်လုပ်ငန်းဆိုတဲ့အပေါ်မှာ မျှောလိုက်မနေဘဲ ကိုယ့်လုပ်ငန်းအတွက် ကိုယ့်ခေတ်ရဲ့အပြောင်းအလဲကို နိုင်ငံ တကာနဲ့ ယှဉ်ပြီး မျက်ခြည်မပြတ်ခဲ့တာက လုပ်ငန်း တိုးတက် ပြောင်းလဲမှုကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့ပါတယ်။
“ဘာအလုပ်ပဲလုပ်လုပ် အဲဒီအလုပ်ရဲ့ တိုးတက်ပြောင်းလဲမှု၊ ဆုတ်ယုတ်နိမ့်ကျမှု ဖြစ်စဉ်တွေကို အမြဲလေ့လာနေဖို့လိုတယ်။ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကိုလည်း ကြိုတွေးပြီး လက်ခံနိုင်ရမယ်။ ကိုယ်လက်ခံယုံကြည်တာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ခဲ့တယ်။ ဒီနေရာမှာ ဆုံးဖြတ်ချက်ပဲ။ တွေဝေနေရင် ကျန်ခဲ့မယ်။ ဆုံးဖြတ်တယ်ဆိုတဲ့ နေရာမှာလည်း ကြောင်းကျိုးခိုင်လုံတဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ ကိုယ့်ဘက်ကလည်း သက်ဆိုင်ရာပညာကို လေ့လာစုဆောင်း ထားမှုတွေ ပြည့်ဝနေဖို့တော့ လိုတယ်”
ဦးတည်ချက်၊ ရည်ရွယ်ချက်မရှိတဲ့ခရီးမှာ ပန်းတိုင်ပျောက်နေတတ်ပါတယ်။ ကိုယ်ရွေးတဲ့လမ်းနဲ့ ကိုယ့်ရည်မှန်းရာ သေချာရှိနေတာက အောင်မြင်မှုအတွက် ရေရာစေတယ်။
“အောင်မြင်ဖို့ဆိုတာ ကိုယ်က ဘာကိုရည်ရွယ်တာလဲ အောင်မြင်မှုလမ်းဆိုတာကလည်း အရှည်ကြီးအဝေးကြီး။ ရည်မှန်းရာကိုရောက်ဖို့အတွက် ကိုယ်လက်ရှိရောက်နေတဲ့နေရာကို သေချာသုံးသပ်တတ်ဖို့ လိုတယ်။ ဒါမှ ရှေ့မှာ ပြင်ဆင်စရာ၊ ဆင်ခြင်စရာတွေ ဖြည့်ဆည်းပြီး အကောင်းဆုံးပုံစံနဲ့ ဆက်လျှောက်နိုင်မှာပါ။ အရေးအကြီးဆုံးကတော့ ကိုယ်လုပ်တဲ့အလုပ်က အများအတွက် စေတနာ ပေါင်းစပ်ထည့်ပြီး လုပ်ပေးနိုင်ဖို့ပဲ။ စေတနာက ကိုယ့်အလုပ်၊ ကိုယ့်ဘဝ အတွက် အကောင်းဆုံးပုံစံဆီကို ခေါ်ဆောင်သွားနိုင်မယ်လို့ ခံယူထားတယ်”
“ကျွန်တော်တို့လူတွေ ပိုက်ဆံတွေ ချမ်းသာတယ်၊ ကုံလုံကြွယ်ဝတယ်။ ဒါပေမဲ့ အဲဒီလူမှာ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှင်သန်နေတာကို တချို့က လက်မခံချင်ဘူး။ ‘မလုပ်ဘဲလည်း စားနေနိုင်တာပဲ။ ဒီလောက်ချမ်းသာလျက်နဲ့ လုပ်နေတာ။ ဒီလူကိုက ဆင်းရဲဇာတာပါလို့’ ဆိုတာမျိုးပေါ့။ ကျွန်တော်က လက်မခံဘူး။
အလုပ်ဆိုတာ ဘဝရှင်သန်မှုရဲ့ထပ်တူအစိတ်အပိုင်းလို့ ခံယူထားတယ်။
Work is Life, Life is Work လို့ ခံယူထားတယ်။
ဒါမှမဟုတ်ရင် စားသောက်နေထိုင်စည်းစိမ်ခံနိုင်ရုံကလွဲပြီး ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေနဲ့ ဝေးရာကို သွားတဲ့သူလို့ပဲ ပြောရလိမ့်မယ်”
xxxxxxxxxxxxxxxxx
စမိပြီဆိုရင် ဆုံးအောင်လုပ်
ဆရာတင်သန်းဦး(စာရေးဆရာ၊ ဒါရိုက်တာ)
အနုပညာအလုပ်တွေလုပ်ရင်း ကျေနပ်ပျော်မွေ့နေသူ ဆရာတင်သန်းဦးကတော့ သူ့ရဲ့ဝါသနာအစက စာရေးခြင်း ပါတဲ့။
“အဖေက ဆရာငွေမောင်းပါ။ စာလည်းရေးတော့ စာရေးဆရာတွေနဲ့ အမြဲမပြတ် တွေ့နေခဲ့ရတယ်။ ကာတွန်း ဝင်းမောင်ဆိုရင် အိမ်မှာ အတူလာနေဖူးတယ်။ သူတို့တွေကြားမှာ ကြီးပြင်းလာရင်း ဗီဇလည်းပါလာတော့ စာရေး ချင်စိတ်ကြောင့် ငယ်ငယ်ကတည်းက စာရေးဖြစ်ခဲ့တယ်”
စူးစူးစိုက်စိုက်နဲ့ အဆက်မပြတ်အားထုတ်မှုက စာရေးဆရာဘဝကို ရောက်စေခဲ့တယ်။
"ရေးခဲ့တဲ့ ကဗျာတွေ၊ ဝတ္ထုတိုတွေ အရွေးမခံခဲ့ရလည်း စိတ်ဓာတ်မကျဘူး။ ရေးချင်စိတ်နဲ့ကို ရေးခဲ့တာ။ ‘လောကကို ဆဲသူကြီး’ ဆိုတဲ့ ဟာသဝတ္ထုတိုလေး တစ်ပုဒ်ကိုတော့ ၁၉၆၉ မှာ အရွေးခံခဲ့ရတယ်။ တက္ကသိုလ်မှာ သင်္ချာအဓိကနဲ့ နှစ်နှစ်တက်ခဲ့ပြီး စစ်တက္ကသိုလ်ရောက်သွားတော့ ‘သီဟ’ စာစောင် နဲ့ ‘အောင်စစ်သည်’ မဂ္ဂဇင်းမှာ ကဗျာတွေ၊ ဝတ္ထုတိုတွေ ဆက်ရေးခဲ့တယ်။ အဲဒီမှာ ကြုံခဲ့ရတဲ့စာပေပြိုင်ပွဲတွေမှာ ဝတ္ထုတို ပထမဆု သုံးကြိမ်ရခဲ့တယ်။ စစ်တက္ကသိုလ် နောက်ဆုံးနှစ်၊ ၁၉၇၄ ခုနှစ်မှာ ‘စာမလာ၊ သတင်းမကြား’ ဆိုတဲ့ လုံးချင်းဝတ္ထုရှည်ကို စတင်ထုတ်ဝေနိုင်ခဲ့တယ်”
တပ်မတော်သားဘဝမှာ တာဝန်များစွာ ထမ်းဆောင်ရင်း စာတွေဆက်ရေးနေခဲ့လို့လည်း တပ်မတော်နောက်ခံ ဝတ္ထုတွေနဲ့ စာရေးဆရာတင်သန်းဦး ခွဲမရတဲ့အထိ အောင်မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။
“ရုပ်ရှင်နဲ့ပတ်သက်မှုတွေ ရှိလာတဲ့အခါ သိမှဖြစ်မယ်ဆိုတဲ့ စိတ်ဝင်လာတယ်။ ဒါရိုက်တာမောင်တင်ဦးနဲ့ နှစ်နှစ်လောက် သူ့နောက်က လိုက်ပြီး ပညာယူခဲ့တယ်။ ဒါရိုက်တာသင်တန်း ခြောက်လလောက် တက်ခဲ့ရတယ်။ ၁၉၈၉ ခုနှစ်ကနေစပြီးတော့ ကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့တယ်”
တွေ့ဆုံခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ တန်ဖိုးရှိတဲ့စကားတွေကိုလည်း ပြောပြတယ်။
“အဖေဆရာ ဦးငွေမောင်းက ပြောဖူးတယ်။ အမြဲတမ်းမမေ့တဲ့စကားတစ်ခွန်းပေါ့။ အဲဒါက ‘မင်းရေးတဲ့အခါ ဘာပဲရေးရေး အကွင်းကွင်းမုန့်တီဟင်းလို ကွင်းခနဲကွက်ခနဲ ပေါ်အောင်ရေးပါ’ လို့ ပြောခဲ့တယ်။ ဆရာသော်တာဆွေ ပြောတာကတော့ ‘မင်းရေးတဲ့ စာထဲမှာ ခပ်တည်တည်နဲ့ ရယ်ရတာမျိုးကိုပါ သဘောကျတယ်။ ကလိထိုးပြီး ရယ်ရတာမျိုး မရေးပါနဲ့’။ ဆရာ မောင်တင်ဦးက ‘အသုံးမကျတဲ့လူတွေကို အသုံးဝင်တဲ့ အလုပ်တွေ ဘယ်တော့မှ မခိုင်းပါနဲ့’ တဲ့”
လက်တွေ့ဘဝနဲ့ အတွေ့အကြုံတွေကို အခြေခံထားတဲ့ ဆရာ့ရည်ရွယ်ချက်ကတော့...
“စမိရင် ပြီးအောင် လုပ်တယ်။ တစ်ဝက်တစ်ပျက်နဲ့ ပြန်မလှည့်ဘူး။ ပြန်လှည့်တာမျိုးလည်း မရှိဘူး။ သူများ ဖျက်လည်း လက်မခံဘူး”
ဦးဆောင်သူတစ်ယောက်အနေနဲ့ တာဝန်ပေးတဲ့အခါ ယုံကြည် သလောက်ကိုပဲ တာဝန်ပေးတတ်ပါတယ်။
“လူတစ်ယောက်ကို ဘယ်လောက်ယုံလဲ။ ၅၀ ယုံရင် ၄၀ လောက်ပဲ ပေးမယ်။ ၁၀ဝ ယုံရင် ၇၀ ပေးမယ်၊ ၈၀ ပေးမယ်။ ဒါမှ ကျွန်တော်လိုချင်တဲ့ အတိုင်းအတာရမယ်။ ၁၀ဝ လောက် ယုံတာကို ၁၅၀ ပေးရင် အရှုံးနဲ့ ရင်ဆိုင်ရမယ်”
တည်ကြည်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံမှုကို တန်ဖိုးထားတာလည်း သိခွင့်ရခဲ့တယ်။
“မှန်အောင်နေတယ်။ မသေချာမလုပ်ဘူး။ ညစ်မယ်၊ တေးမယ်ဆိုတာမျိုး မရှိဘူး။ အရှိကို အရှိအတိုင်း သွားတယ်။ ဒါပဲ တတ်နိုင်တယ်”

အလုပ်တစ်ခုကို ရည်ရွယ်ချက်မရှိဘဲ မစတတ်သူဆိုတာကိုတော့...

အောင်မြင်ဖို့ မျှော်လင့်တယ်၊ အောင်မြင်တာလည်း ရှိတယ်။ တိုက်တယ်၊ ပြန်ဆုတ်ရတာ ရှိတယ်။ အရှုံးကို တင်းခံနေရင် ပိုဒုက္ခရောက်မယ်။ နောက်တစ်ခါ အောင်မြင်အောင် လုပ်မယ်။ ဒီလိုခံယူထားတယ်။

xxxxxxxxxxxxxxxxx
ကိုယ်လုပ်နိုင်တာ အကောင်းဆုံးလုပ်
ထွန်းထွန်းဝင်း
အလုပ်တစ်ခုကို ရေရှည်လုပ်ဖို့ဆိုတာ အဲဒီအလုပ်ပေါ်မှာ စိတ်ပါဝင်စားနိုင်မှလည်း ဖြစ်ပါလိမ့်မယ်။ အနုပညာ အလုပ်တွေကို လုပ်တဲ့အခါမှာ အာရုံဝင်စားခြင်းက ပိုပြီးအရေးပါတယ်လို့ ဦးထွန်းထွန်းဝင်းက ပြောခဲ့တယ်။
“အနုပညာလုပ်သက် ၃၆ နှစ်ကျော်ပြီ။ စလုပ်ခါစတုန်းကလည်း ကိုယ် ဝါသနာပါတဲ့အတိုင်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်။ လက်ဦးဆရာက ဒါရိုက်တာ တင်အောင်မြင့်ဦးပါ။ ‘ဘာဆုတောင်းမလဲ ချစ်သူရယ်’ ဇာတ်ကားနဲ့ တင်ပေးခဲ့တာ။ အဲဒီကား ရိုက်ပြီးတော့ သုံးလေးကားလောက်အထိ ဆရာက လက်တွဲခေါ်ခဲ့တယ်။ ချက်ချင်း လွှတ်မပေးပါဘူး။ ဆရာက ယုံကြည်မှ အပြင်ထွက်ရိုက်ဖို့ ခွင့်ပေးခဲ့တာ”
မှတ်သားစရာစကားတွေကြားရတဲ့အခါမှာ ကိုယ်တိုင်လက်ခံယုံကြည်ခဲ့တဲ့ စကားတွေအတိုင်း စူးစူးစိုက်စိုက် လုပ်ခဲ့တဲ့အတွက် ဒီနေ့အထိ ထွန်းထွန်းဝင်း ဖြစ်နေတာ သေချာတယ်။

“ဆရာက မကြိုက်ရင် အစကတည်းက မရိုက်နဲ့။ ဒါရိုက်တာကို ဘာမှ မပြောနဲ့၊ ခိုင်းတဲ့အတိုင်း လုပ်ပါလို့ ပြောခဲ့တယ်။ ဆရာ့စကား မမှားပါဘူး။ အဲဒီအတိုင်းပဲ ခံယူလုပ်ကိုင်ခဲ့တာ ခုချိန်ထိပဲ”

ဝါသနာတစ်ခုအပေါ်မှာ ရူးသွပ်ခြင်းက အောင်မြင်မှုအထိ ဆွဲခေါ်နိုင်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တယ်။
“သရုပ်ဆောင်ခြင်းအတတ်ကို ရူးသွပ်ခဲ့တယ်။ ဝါသနာကြီးလို့ လုပ်ခဲ့တယ်။ ခိုင်းရင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်တယ်။ စိတ်ပါလက်ပါ လုပ်တယ်။ ဒါကြောင့် ဒီအသက်အရွယ်အထိ ထိန်းထားနိုင်တယ်လို့ ထင်တယ်လေ”
ပေါင်းသင်းဆက်ဆံရေးမှာ ရိုးသားခြင်းရဲ့ တန်ဖိုးကို နားလည်လက်ခံသူ တစ်ယောက်ဆိုတာကိုလည်း သိခဲ့ရတယ်။
“ရိုးရိုးသားသား ပြောဆိုဆက်ဆံတယ်။ အဲဒီလို ရိုးသားခြင်းကပဲ ပြည့်စုံစေပါတယ်။ လိုမှု၊ မလိုမှုမရှိဘူး။ လိုရင် ခင်မင်၊ မလိုရင် ဆင်ခြင်ရတယ်။ သူများသဘောမကျရင် မခေါ်မပြောတာပဲ ကောင်းပါတယ်လေဆိုပြီး ဆင်ခြင်တယ်၊ အလိုက်သိတယ်၊ ရိုးရိုးသားသားပဲ ဆက်ဆံတယ်။ အဲဒါ စိတ်အရှင်းဆုံးပဲ။ စိတ်ရှင်းရင် ဘဝရှင်းတယ်တဲ့။ စိတ်ကို ရှင်းရှင်းပဲ ထားတယ်။ ဘာသာရေး လုပ်တယ်။ ပစ္စုပ္ပန်တည့်တည့်မှာ နေတယ်”
အလုပ်တစ်ခုကိုလုပ်တဲ့အချိန်မှာ လက်ရှိအလုပ်ကလွဲပြီး တခြား အလုပ်တွေကို မတွေးတတ်သူလည်း ဖြစ်တယ်။

“ဘယ်အလုပ်ပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်တယ်။ မနက်ဖြန် ဆိုတာ မတွေးဘူး။ အလုပ်ကို လုပ်နေဖို့ပဲ လိုတယ်။ အလုပ်ပြီးခြင်း၊ မပြီးခြင်းဆိုတာ အချိန်အတိုင်းအတာပေါ်မှာ အဖြေပေါ်လာမှာပါ”

အောင်မြင်မှုနဲ့ပတ်သက်ပြီး သူခံယူထားတာတွေကတော့....
“ရင့်ကျက်တယ်ပြောရမလား။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို စိတ်ထဲမှာ မထည့်ဘူး။ လုပ်စရာ ရှိတာလုပ်တယ်။ အောင်မြင်ခြင်းအပေါ်မှာ မခံစားဘူး။ ရုပ်ရှင်ရိုက်တဲ့အချိန်အထိ ဘတ်စ်ကားစီးတုန်း။ ဆရာပြောမှ ကိုယ်ပိုင်ကား စီးတာ။ ကိုယ့်ကားကိုယ်စီးမှ ဒါ ငါပါလားလို့ သတိထားမိတယ်။ လုပ်စရာရှိတာ လုပ်တယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းက ပရိသတ်လက်ခံခြင်းအပေါ်မှာပဲ သက်ဆိုင်တယ်။ ကံ၊ ဉာဏ်၊ ဝီရိယပေါ် မူတည်တယ်။ အာရုံရှိရင် အောင်မြင်နေဦးမယ်။ အာရုံများရင် အမှားများမယ်။ လူငယ်လို မလုပ်နိုင်ပေမဲ့ ကိုယ်လုပ်နိုင်တာကိုတော့ အကောင်းဆုံး လုပ်တယ်”
xxxxxxxxxxxxxxxxx
ဖြေတက် နေတက်ဖို့တော့လိုတယ်
ကုသိုလ်
အတတ်ပညာတစ်ခုခုကို ဘဝအသက်မွေးမှုအတွက် လေ့လာသင်ယူတဲ့အခါမှာ မိမိပတ်ဝန်းကျင်နဲ့ အတွေ့အကြုံ ရှိတဲ့ သူတွေကလည်း ကိုယ့်အတွက် ဆရာကောင်းတွေ ဖြစ်နိုင်ပါတယ်။ သီးသန့် သင်ယူလေ့လာခဲ့တာမျိုးမဟုတ်ပေမဲ့ ပညာလိုတဲ့စိတ်က ကုသိုလ်အတွက် အဓိကကျခဲ့တယ်လို့ ဆိုပါတယ်။
“ဆရာရယ်လို့ သတ်သတ်မှတ်မှတ် သင်ပေးခဲ့တဲ့လူတော့ မရှိဘူး။ ဒါပေမဲ့ ကိုယ်နဲ့နီးစပ်ရာ အတွေ့အကြုံရင့်တဲ့ သူတွေဆီက လေ့လာရင်း ပညာတွေရခဲ့တယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ကလေးလူကြီးအားလုံး ကျွန်တော့် ဆရာတွေပါပဲ။ ဒါပေမဲ့ ပညာတစ်ခုအတွက် သေသေချာချာ တတ်ကျွမ်းဖို့ကတော့ ကိုယ်သိထားတာတွေအပြင် လေ့လာမှုနဲ့ အသုံးချတဲ့ အတွေ့အကြုံတွေက အရေးပါတယ်။ ဘယ်ပညာမဆို ကိုယ်လိုချင်တာကို ကိုယ်ယူပါတယ်”
ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ တန်ဖိုးထားခြင်းက ရေရှည်မှာ အထောက်အပံ့ကောင်း တွေ ဖြစ်စေခဲ့တယ်လို့ ပြောပြတယ်။

“ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားမှ ကိုယ့်အလုပ်ကောင်းအောင် ကြိုးစား နိုင်မှာပေါ့။ အလုပ်ကို အကောင်းဆုံးလုပ်တယ်။ အကောင်းဆုံးဖြစ်ဖို့အတွက် ကိုယ်လုပ်တဲ့ အလုပ်မှာ အာရုံစိုက်ဖို့တော့ လိုတယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်ပေါ့”

ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်တာက ပေါင်းသင်းဆက်ဆံရေးမှာ အဆင် ပြေတယ်ဆိုတာကို ခုလို ရှင်းပြခဲ့တယ်။
“ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းဟာ ကိုယ့်အတွက်လည်း အေးချမ်းတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်နိုင်တယ်။ ပြဿနာအခက်အခဲတွေကို တွေးပြီး စိတ်ညစ်နေမယ်ဆိုရင် ဘာပဲလုပ်လုပ် အဆင်ပြေမှာမဟုတ်သလို ကိုယ်နဲ့ ပတ်သက်တဲ့လူတွေလည်း စိတ်ညစ်ကြမှာပေါ့”
ဘဝမှာ ပြဿနာဆိုတာ လူတိုင်းကြုံရမှာပါ။ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ အဲဒီပြဿနာတွေကိုတော့ ခပ်ပေါ့ပေါ့တွေးမပစ်ဘူးလို့ ဆိုပါတယ်။
”အခက်အခဲ၊ ဒုက္ခဆိုတာ ကျော်သွားရင်တော့ ရယ်စရာပဲ။ ဒါကို စိတ်ထဲမှာ သိုဝှက်ထားရင် ဘာပဲလုပ်လုပ် အဆင်မပြေဘူး။ အားလုံးကို ပျော်စရာလို့ မတွေးပေမဲ့ ဒုက္ခကို ဟာသလုပ်ကြည့်တယ်။ အဆင်ပြေတဲ့အခါလည်း ရှိတယ်။ မပြေတဲ့အခါလည်း ရှိတယ်။ ဒါပေမဲ့ ဖြေတတ်၊ နေတတ်ဖို့တော့ လိုတယ်”
မေးခွန်းသုံးခုကို မေးကြည့်မိတယ်။
ပညာရဖို့...
ကြိုးစားရမယ်၊ လိုချင်ရမယ်၊ မပျင်းရဘူး။
ဥစ္စာရဖို့...
တွေးတတ်ရမယ်၊ မြင်တတ်ရမယ်။ မရောင့်ရဲနဲ့။ ဒါပေမဲ့ မျှတဖို့တော့ လိုတယ်။
ကုသိုလ်ရဖို့...
ကျွန်တော့်ကို ယူ(ဟဲဟဲဟဲ)
ဘုရားဟောရှိပါတယ်။ စိတ်ထားတတ်ပြီး အလှူဒါနလည်း လုပ်မယ်ဆိုရင်ပေါ့။ ဒါဆို သံသရာအတွက် ကုသိုလ် ရပါပြီ။
xxxxxxxxxxxxxxxxx
အပိုတွေများများလုပ်ရတယ်
ရုပ်ရှင်ဒါရိုက်တာ မီးပွား
‘ကြိုးတန်း’ ရုပ်ရှင်ဇာတ်ကားနဲ့ ဒီနေ့ရုပ်ရှင်လောကထဲမှာ သိက္ခာကြီးစွာ ရပ်တည်လိုက်တဲ့ ရုပ်ရှင် ဒါရိုက်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်အတွက် မြန်မာပြည်က ရွေးချယ်ခံရတဲ့ တစ်ကားတည်းသော ရုပ်ရှင်ဇာတ်ကားက ‘ကြိုးတန်း’။
တကယ်ဆိုရင် မီးပွားက ပန်းချီဆရာမောင်ညိုဝင်းထံပါးမှာ ပညာ သင်ယူရင်း ပန်းချီပညာနဲ့ အသက်မွေးဖို့ ကြိုးစားခဲ့ဖူးသူဖြစ်တယ်။ ဆရာ ဖြစ်သူက ရုပ်ရှင်ပိုစတာကြီးတွေရေး၊ အနုပညာဒါရိုက်တာလုပ်လို့ ရုပ်ရှင် လောကနဲ့ နီးစပ်နေပါလျက် ရုပ်ရှင်ကို မချစ်ခဲ့သူ။

“ဆရာညိုဆီက ရခဲ့တဲ့စကားဗျ။

‘နည်းနည်းနဲ့ ရဲရဲရေးကွ’ ဆိုတဲ့ အယူအဆတွေ။ မတူတဲ့ အတွေးနဲ့ ခွန်အားတွေ ရခဲ့တယ်ဗျ”

ဆရာမောင်ညိုဝင်းဆီကနေ အပြင်လောကကို ရောက်လာ။ မိတ်ဆွေတွေနဲ့ ည ၉ နာရီကနေ မနက် ၃ နာရီလောက်ထိ လက်ဖက်ရည်ဆိုင်မှာထိုင်၊ စကားတွေပြော။
မတူတာတွေ စဉ်းစားဖြစ်ကြ။
၃၃ လမ်းမှာ စာအုပ်ကြော်ငြာတွေရေး၊ ဗိုလ်ချူပ်ဈေးမှာ ယင်းလိပ်ပန်းချီတွေရေး။

ထုတ်ဝေသူဖြစ်ချင်ခဲ့သူ။ မုံရွာက ပုဆိုး တွေကို ကုန်သွယ်တဲ့ ကုန်သည်လည်း ဖြစ်ခဲ့ ဖူးသူ။

စတီရီယိုစီးရီးခွေခေတ်မှာ ဆစ်စ်ကရင် ဆိုတဲ့ ပုံပွားတဲ့လက်လုပ်အနုပညာနဲ့ ဖြတ်သန်း ခဲ့။

ပြီးတော့ ရုပ်ရှင်ဒီဇိုင်းတွေလုပ်ခဲ့။
‘သင်္ကြန်မိုး’ကလည်း သူ့ဘဝအတွက် အမှတ်တရတွေ ဖြစ်ခဲ့။
ပန်းချီဆရာညိုဝင်းဖေနဲ့ပတ်သက်ပြီး ဒါရိုက်တာပန်းချီဆရာကြီးဆီ ရောက်ခဲ့။
“ဇာတ်ညွှန်းကို ကြိုဖတ်ရတယ်ဗျ၊ ပြီးတော့ ကျွန်တော် သာဆို ဘယ်လိုရိုက်မယ်ဆိုတာ ပြောပြရတယ်။

ထောင်တာ ဘာလဲ၊ လှဲတာ ဘာလဲ၊ ကွေ့တာ ဘာလဲ၊ အဲဒီဘာသာစကားတွေနဲ့ ရုပ်ရှင်ကို ရင်းနှီး ချစ်ခွင့်ရခဲ့တယ် ပေါ့ဗျာ...”

“မင်းဘာတတ်သလဲမေးရင်...
သေသေချာချာ ဂဃနဏ၊ ကျွမ်းကျွမ်းကျင်ကျင် ဘာမှမရှိတဲ့ အသုံးမကျမှုတွေနဲ့ လုပ်ကိုင်နေတဲ့ လူလို့သာ ပြောချင်တော့တယ်ဗျာ...”
အောင်မြင်မှုတွေကြားထဲက ခေါင်းပြူထွက်ရင်း သူ့ကိုယ်သူ နေတတ်ထိုင်တတ်အောင် သင်ကြားတတ်သူ ဖြစ်တယ်။
‘ကျွန်တော့်ပင်ကိုက ဘာမှမမက်မောဘူးဗျ။ နာရီမပတ်ဘူး၊ ရွှေဆွဲကြိုးကြီးမဆွဲဘူး၊ ဟန်းချိန်း မပတ်ဘူး၊ ကိုယ်ပေါ်မှာ အပိုတွေ ဘာမှတင်မထားဘူး
‘သတိထား’ ဆိုတဲ့ ဗီဒီယိုကားနဲ့ ရုပ်ရှင်လောကထဲ ဝင်လာတဲ့ မီးပွားအမည်နဲ့ ဒါရိုက်တာဖြစ်လာသူ တစ်ယောက်ရဲ့ ယုံကြည်ချက်က...
“ကျွန်တော့်ခေတ်မှာ မင်းသား၊ မင်းသမီးပုံတူ ဒါမှမဟုတ် ပိုစတာဆိုတာ မဖြစ်ရဘူး။ မြက်ခင်းပေါ်မှာ စကားပွင့်တွေ ကြွေကျတာနဲ့ ပြလိုက်တယ်”
ရုပ်ရှင်ဇာတ်ကားမှာလည်း ရှေ့ကဒါရိုက်တာကြီးတွေ မတွေးခဲ့တာ၊ မပြခဲ့တာတွေနဲ့ ရုပ်ရှင်ဒါရိုက်တာ ဖြစ်လာတဲ့သူဟာ ဗီဒီယိုခေတ်မှာလည်း လှုပ်လှုပ်ရှားရှားဖြစ်အောင် စွမ်းဆောင်ခဲ့တာ သေချာတယ်။
‘အောင်မြင်ကျော်ကြားချင်ရင်တော့ အပိုတွေ များများလုပ်ပြရတယ်ဗျ’
xxxxxxxxxxxxxxxxx
စီးပွားရေးသမား
အကယ်ဒမီလွင်မိုး
အစ်ကိုက အနုပညာအလုပ်မှာလည်း အောင်မြင်ခဲ့တယ်။ စီးပွားရေးအလုပ်တွေလည်း လုပ်နေပြီဆိုတော့ စီးပွားရေး လုပ်နေတဲ့ လွင်မိုးနဲ့ သရုပ်ဆောင်အကယ်ဒမီလွင်မိုးမှာ ကွာခြားချက်တွေ ရှိမှာပေါ့နော်။
ဟုတ်တယ်။ ရှိတယ်။ တခြားစီပါပဲ။ အာရုံစူးစိုက်မှုကအစ ကွာခြားတာပေါ့။ အနုပညာသည်က ကိုယ့်ဘာသာကိုယ် create လုပ်ရတယ်။ ဖန်တီးရတာပေါ့။ စီးပွားရေးကျတော့ သေချာတွက်ချက်ပြီး လုပ်ရတယ်။
သရုပ်ဆောင်မင်းသားတစ်ယောက်က စီးပွားရေးလုပ်တယ်ဆိုတော့ အဲဒီနယ်ပယ်မှာ အခက်အခဲတွေရှိလား။
အဓိကကတော့ မင်းသားဆိုတဲ့ လွှမ်းမိုးမှုက စီးပွားရေးနယ်ပယ်မှာ တော်တော်ရိုက်ခတ်မှု ဖြစ်တာပေါ့။ တချို့နေရာ၊ တချို့အလုပ်တွေမှာ ကျွန်တော်က သာမန်လူတစ်ယောက်လို လုပ်ရမယ့် အနေအထားတွေ ရှိသလို၊ တချို့နေရာတွေ ကျတော့လည်း မင်းသားဆိုတဲ့နာမည်နဲ့ အဆင်ပြေသွားတဲ့ အလုပ်မျိုးတွေလည်း ရှိတယ်။
ကိုမိုးက ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ထူထောင်ရတဲ့သူဆိုတော့ လက်ရင်းလုပ်တဲ့သူတွေထက်စာရင် အခက်အခဲတွေ တွေ့ခဲ့ရသလား။
ကျွန်တော်လုပ်နေတာက မိဘရဲ့ လက်ငုတ်လက်ရင်းစီးပွားရေး မဟုတ်ဘူးပေါ့နော်။ ကိုယ့်ဘာသာကိုယ် ထူထောင် တယ်။ ကျွန်တော့်သူငယ်ချင်း အသိုင်းအဝိုင်းတွေက စီးပွားရေးသမားတွေပဲလေ။ စီးပွားရေးကျွမ်းကျင်တဲ့ သူငယ်ချင်း၊ အသိုင်းအဝိုင်းတွေလည်း ရှိတယ်ပေါ့။ ကျွန်တော့်အနေနဲ့က သူတို့ရဲ့သင်ပြမှုတွေ၊ သူတို့နဲ့ စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုမှုတွေ၊ သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုတွေက အများကြီး အဆင်ပြေပါတယ်။
အဲဒါဆို စီးပွားရေးလုပ်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ အနုပညာအလုပ်ကို လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် လူမှုဆက်ဆံရေးက အရေးကြီးတယ်လို့ ဆိုနိုင်မလား။

အနုပညာလောကထဲမှာတော့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်လို့ရှိရင် ပိုပြီးလိုအပ်တယ်။ စီးပွားရေးလောကမှာက မလိုအပ်ဘူးရယ်လို့တော့ မဟုတ်ပါဘူး။ တချို့ကိစ္စတွေမှာတော့ ပြတ်ပြတ်သားသားနဲ့ ပြောရမယ့်ဟာတွေ၊ ငြင်းဆန်ရင်လည်း ပြင်းပြင်းထန်ထန် ငြင်းဆန် ရတာတွေ ရှိတယ်။ အနုပညာမှာက အဲဒီလိုတွေ လုပ်လို့မရဘူး။

စီးပွားရေးလောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်အောင် ကိုမိုးအနေနဲ့ ဘယ်လို ကြိုးစားသွားမလဲ။

လုပ်ငန်းရဲ့သဘောသဘာဝတွေက ဒီလိုနဲ့ပဲ သိသွားမှာလေ။ ထဲထဲဝင်ဝင်လုပ်တာဆိုရင်တော့ ၈ လလောက် ရှိသွားပြီ။ သူငယ်ချင်းတွေနဲ့အတူ စီးပွားရေးကို sleeping share အနေနဲ့ ပါတာတော့ ကြာပြီပေါ့။ ၂ နှစ်လောက် ရှိပြီ။ အခု ၈ လလောက် ထဲထဲဝင်ဝင် လုပ်ကြည့်တဲ့အခါမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သဘောသဘာဝတွေကို တဖြည်းဖြည်းနဲ့ နားလည်လာတာပေါ့။ ဘယ်အလုပ်ပဲ ဖြစ်ဖြစ်ပေါ့။ အနုပညာပဲလုပ်လုပ်၊ တခြားအလုပ်ပဲ လုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်ပေါ့။
ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုရှိရင် လုပ်ငန်းသဘောသဘာဝတွေကို ကျွမ်းကျင်ပြီး ပြောင်းလဲ လာမှာပါ။
ပရိသတ်က အစ်ကို့ကို အနုပညာရှင်အနေနဲ့ပဲ မြင်ရမှာလား၊ စီးပွားရေးနယ်ပယ်မှာ လုပ်ငန်းရှင်အနေနဲ့ပဲ မြင်ရမှာလား။
ကျွန်တော် အခုလောလောဆယ်တော့ သူတို့ဘယ်လိုမြင်မလဲဆိုတာထက် ကျွန်တော့်စီးပွားရေးကို အရင် အောင်မြင်ဖို့ ကြိုးစားနေတယ်။ ပရိသတ်အတွက် အနုပညာလုပ်ငန်းကိုတော့ ကျွန်တော်တတ်နိုင်သလောက်ဆက်ပြီး လုပ်ဖြစ်နေမှာပါ။
xxxxxxxxxxxxxxxxx
လုပ်ချင်စိတ်ရှိဖို့က ပထမ လုပ်တက်ဖို့က ဒုတိယ
ခန့်စည်သူ
အခုသရုပ်ဆောင်လောကရဲ့ အခြေအနေကို ကိုခန့်သုံးသပ်မိသလောက် ပြောပြပေးပါလား။
သရုပ်ဆောင်လောကမှာ အဓိကက ငွေရေးကြေးရေးနဲ့ အချိန်တွေ ပိုဆုတ်ယုတ်သွားတယ်လို့ မြင်တယ်။ ဟိုအရင်တုန်းက ကားတစ်ကားကို အချိန်တွေ အများကြီးပေးပြီး ရိုက်ကြတယ်။ လိုအပ်ရင် နယ်တွေကို သေချာသွားပြီး ရိုက်တယ်။ အခုခေတ်ကတော့ မလုပ်နိုင်တော့ပါဘူး။ မလုပ်နိုင်ဘူးဆိုတာကလည်း ဒီလိုဖန်တီးရင် ပိုက်ဆံတွေကုန်တယ်။ ပိုက်ဆံကုန်ပေမဲ့လည်း ရသင့်သလောက် ပြန်မရဘူး။ အခုဆိုရင် ဗီဒီယိုလောကက ခိုးကူးတွေနဲ့ပျက်နေပြီး ပရိုဂျူဆာ တွေကလည်း လုပ်ချင်တဲ့စိတ်ပဲ ရှိတယ်။ ငွေထုတ်ဖို့အတွက်ကျတော့ စဉ်းစားလာကြတယ်။ အခွေက ကြိုးစားပမ်းစားနဲ့ အချိန်ကုန်၊ ငွေကုန်လုပ်ထားသမျှက အလကားဖြစ်တာလေ။
ကိုခန့်က စီးရီးတစ်ခွေကို ပရိုဂျူဆာလုပ်တယ်လို့ကြားတယ်။ ကိုခန့်က ခိုးကူးခွေကို မကြောက်လို့လား။
အဲဒါပြောရရင်တော့ အရှည်ကြီးပဲ။ ခိုးကူးမယ်ဆိုတာ သိတယ်။ အဲဒီပိုက်ဆံတွေ ပြန်မရ နိုင်ဘူးဆိုတာလည်း သိတယ်။ ကျွန်တော်တို့က တောက်လျှောက် သူများတွေ ဖန်တီးခဲ့တဲ့ သီချင်းတွေကိုပဲ အလွယ်တကူ ဝယ်သုံးခဲ့တာလေ။ ဘာတွေဖြစ်မလဲ။ ဘယ်လောက်အထိ အားထုတ် ရသလဲဆိုတာပေါ့။ သီချင်းတစ်ပုဒ်ဖြစ်လာဖို့ သူတို့ တော်တော်ကြိုးစားခဲ့ရတယ်။
သီချင်းဖြစ်ပေမဲ့လည်း သီချင်းအောင်မြင်ဖို့အတွက်က ပိုပြီးခက်ခဲပါတယ်။ အဲဒီအခက်အခဲတွေကို ကိုယ်ချင်းစာတတ်သွားတာပေါ့။
ခိုးကူးခွေတွေကြောင့် အနုပညာသမားတွေ ဘယ်လောက်အထိ နစ်နာသွားကြပြီလဲ။
လောလောဆယ်ကတော့ ဂီတလောကကြီးပျက်နေပြီလေ။
ကိုယ်တို့ ဗီဒီယိုလောကကတော့ အက်ကြောင်းတွေ ထင်နေပြီပေါ့။
အဲဒီအတွက် ကိုခန့် ဘယ်လိုခံစားရသလဲ။
အဲဒါကို ကိုယ်လုပ်လို့လည်း မရဘူးလေ။ ဒါကလည်း အကြောင်းကြောင်းတွေထဲက တစ်ခုပဲလို့ ပြောချင်ပါတယ်။
အောင်မြင်သူတစ်ယောက်ရဲ့ ခံယူချက်တွေ၊ ကိုယ်ကျင့်တရားတွေက ဘာတွေလို့ ကိုခန့်ထင်သလဲ။
လုပ်တတ်ဖို့က ဒုတိယ၊ လုပ်ချင်စိတ်ရှိဖို့က ပထမပေါ့။ ကိုယ်ကျင့်တရားကတော့ ကိုယ့် ဘာသာကိုယ် ထိန်းတာက ကောင်းတယ်။ တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်တဲ့အတွက် အများ လက်ညှိုးထိုးစရာမရှိအောင် လုပ်ရတာပေါ့။ အနုပညာသမားဆိုတာက လူပါပဲ။ လူတွေလိုပဲ ခံစားတတ်ပါတယ်။ ပုံမှန်လူတွေက လွတ်လွတ်လပ်လပ်နေလို့ရပေမဲ့ အနုပညာသမားတစ်ယောက်က

အနုပညာသမားဆိုတဲ့ ‘စံ’တစ်ခုရှိတဲ့အတွက် အများကြီး လွတ်လပ်လို့ မဖြစ်ပါဘူး။

အောင်မြင်တဲ့လူဖြစ်ဖို့ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးက အရေးကြီးသလား။

အရေးကြီးတာပေါ့။
ဆက်ဆံရေးမကောင်းလို့ ကျရှုံးသွားတဲ့ သရုပ်ဆောင်တွေ အများကြီးရှိတာပေါ့။
လုပ်ဖော်ကိုင်ဖက် အချင်းချင်း လေးစားပါ။ ကိုယ်ချင်းစာပါ။ ဒါပါပဲ။
ကိုခန့်အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုကားတွေ ရိုက်သွားမလဲ။
ကိုယ့်အရွယ်နဲ့လိုက်တာကို ရိုက်မှာပါ။ ဒီအချိန်မှာ ကျောင်းသားကားရိုက်လို့ မရဘူးလေ။ ဆယ်ကျော်သက်လေး တွေလို လျှောက်ရိုက်လို့ မရဘူး။ ကိုယ့်အရွယ်နဲ့လိုက်မယ့် ဇာတ်ရုပ်တွေ အများကြီးပါ။ ကိုယ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူဦးရေက သန်းပေါင်းများစွာရှိတာပဲလေ။ အဲဒီလူတွေရဲ့ ကာရိုက်တာတွေကလည်း သန်းပေါင်းများစွာရှိတာပဲ။ မရှားပါဘူး။
xxxxxxxxxxxxxxxxx
အလုပ်က နံပါတ်တစ်
ခိုင်သင်းကြည်
မခိုင်လေးအနေနဲ့ အနုပညာလောကမှာ လုပ်လာတာ တော်တော်ကြာနေပြီဆိုတော့ အနုပညာနဲ့ပတ်သက်တဲ့ သဘောထား လေးကို ပြောပြပေးပါလား။
အနုပညာအလုပ်က လုပ်ရတာ ကြာလာလေ အစ်မအတွက် ပိုပြီးတော့ ပျော်စရာ ကောင်းလာလေ ပါပဲ။နေသားလည်းကျလာပြီ။ လုပ်ငန်းရဲ့ သဘောသဘာဝကိုလည်း ပိုပြီးတော့ သိမြင်လာတယ်။ အဲဒီလိုသိလာတော့ အရင်ကလောက် မခက်တော့ဘူးပေါ့နော်။ ပေါင်းသင်းဆက်ဆံရေးကအစ တစ်ယောက်နဲ့ တစ်ယောက် သဘောထားတွေ ပိုသိလာတာပေါ့။ ဒါရိုက်တာဆိုရင်လည်း ဘယ်ဒါရိုက်တာက ဘယ်လို အိုက်တင်မျိုးကို ကြိုက်တယ်၊ ဘယ်ဒါရိုက်တာက ဘယ်လိုအဝတ်အစားမျိုးကို ကြိုက်တယ်ဆိုတာကအစ အကုန်လုံး သိလာတာပေါ့။
အခုဆို သရုပ်ဆောင်မင်းသမီးသစ်၊ မင်းသားသစ်တွေ များလာကြပြီလေ။ မခိုင်အနေနဲ့ သရုပ်ဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်လေး ပေးပေးပါလား။
အစ်မတို့အနေနဲ့က အဲဒီလို ကြီးကြီးကျယ်ကျယ်ကြီးလည်း မပြောတတ်ပါဘူး။
ကိုယ်လည်း စဝင်စတုန်းက ဝါသနာအရပဲလေ။ သိသင့်တာတွေ၊ မသိသင့်တာတွေကို လေ့လာပြီးမှ ဝင်လာတာလည်း မဟုတ်ဘူးလေ။ အဓိကကတော့ ဝါသနာပါပြီး ကြိုးစားမှုရှိဖို့ပါပဲ။
မခိုင်ကျတော့ အရမ်းဝါသနာကြီးပြီး ဝင်လာတာလေ။ Professional ဖြစ်ရမယ်ဆိုပြီး မရည်ရွယ်ခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ဝါသနာအလျောက် လုပ်နေရင်းကနေ ဒီလိုဖြစ်လာတာပေါ့။ ဒါကလည်း ပြောလို့တော့ မရဘူး။ စန်းလည်းလိုတာပေါ့။ ပရိသတ်ချစ်ဖို့တွေ၊ ကိုယ့်ရဲ့ကြိုးစားမှုတွေ၊ ဝါသနာတွေလည်း လိုတယ်။
မနက်မိုးလင်းကနေ မိုးချုပ်အထိ ဒီအလုပ်မှာ နစ်နေတော့ အိမ်ရှင်မတစ်ယောက်အနေနဲ့ မိသားစုအပေါ် ဘယ်လိုနွေးထွေးမှုတွေ ပေးသလဲ။

ဪ် အစ်မက သူများအိမ်ရှင်မတွေလိုတော့ မိသားစုအပေါ်မှာ အချိန်တော့ ဘယ်ပေး နိုင်ပါ့မလဲ။ ဒါပေမဲ့ အစ်မမှာ အလုပ်နဲ့ မိသားစုပဲရှိတာလေ။ အလုပ်က နံပါတ်တစ်ပေါ့။ အလုပ်ပြီးတာနဲ့ ဦးစားပေးတာကတော့ ကိုယ့်မိသားစုလေ။ မိသားစုဆိုတဲ့နေရာမှာ ကိုယ့်ခင်ပွန်းကအစ ကိုယ့်အဖေ အဆုံး၊ ကိုယ့်သမီးလေးလည်းအပါပေါ့ ညီမရယ်။

မခိုင်အနေနဲ့က လူလတ်ပိုင်းအရွယ်ကို ရောက်ပြီလို့ ပြောရမလိုပဲလေ။ အသက် ၅၀ ကျော် အသက်ကြီးပိုင်းကို သရုပ်ဆောင်တဲ့အခါမှာ ဝတ်စားဆင်ယင်လိမ်းခြယ်မှုကရော ဘယ်လိုတွေ ဝတ်ဆင်ပြောင်းလဲသလဲ။
အစ်မတို့အနေနဲ့က အသက်ကြီးပိုင်း သရုပ်ဆောင်ရတာ နည်းသေးတယ်။ အခုခေတ်က သဘာဝကျအောင် ဆံပင်အဖြူကို ဟိုတစ်ချောင်း ဒီတစ်ချောင်းတွေ လုပ်ဖို့လည်း သိပ်မလိုတော့ဘူးလေ။ မျက်မှန်လေးတပ်၊ ဆံထုံးလေး ထုံးလိုက်တာပဲလေ။ အခုခေတ် အပြင်မှာ အသက် ၅၀ ကျော်အရွယ်တွေကလည်း လှလှပပလေး တွေနေကြတော့ အဲဒီလိုတွေ လုပ်လို့ရတယ်။ ရိုးရိုးဘလောက်စ်အင်္ကျီတွေကိုလည်း ဒါရိုက်တာတွေက ဝတ်ခိုင်းတယ်။ လူကြီးပုံစံတွေပေါ့။ ဒါပေမဲ့ အစ်မခန္ဓာကိုယ်က သေးတယ်လေ။ လူကြီးပုံ သိပ်ဖမ်းလို့ မရတော့ အပွင့်ကြီးကြီးတွေ ဝမ်းဆက်ချုပ်ပြီးဝတ်ရတယ်။
အခုဆိုရင် မခိုင်လေးက အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီလေ။ အောင်မြင်ပြီးတဲ့ လူတစ်ယောက် အနေနဲ့ ဘာတွေ လိုအပ်သေးသလဲ။
အောင်မြင်ပြီးသည် ဖြစ်စေ၊ မအောင်မြင်သေးသည်ဖြစ်စေ အစ်မ ဒီအလုပ်ကို လုပ်ပြီးဆိုကတည်းက ကိုယ်တတ်နိုင်သရွေ့ပေါ့။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်တယ်။ ကြိုးစားမှုကလည်း ရပ်မသွားဘူးပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ကားရိုက်ပြီးတိုင်းလည်း ငါအရမ်းကောင်းပါလား၊ အရမ်းတော်ပါလားဆိုပြီး မသတ်မှတ်သေးပါဘူး။ အခုအချိန်အထိ လိုအပ်ချက်တွေကတော့ ရှိနေသေးပါတယ်။ ဆက်ပြီးလည်း ကြိုးစားနေပါတယ်။
xxxxxxxxxxxxxxxxx
အဓိပ္ပာယ်ရှိတဲ့ဘဝ
ဦးသိန်းထွန်း (ထွန်းဖောင်ဒေးရှင်း)
အောင်မြင်မှုတစ်ခုကို ရယူချင်တယ်ဆိုရင်တော့ ရောင့်ရဲတက်တဲ့စိတ်ကို ဖယ်ဖို့လိုလိမ့်မယ်လို့ ပြောခဲ့သူက ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းပါ။ စီးပွားရေးလုပ်ငန်းအစုအဖွဲ့ကြီးတစ်ခုကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ရုံမက အကျိုးအမြတ်အသီးအပွင့်ကိုလည်း လူမှုရေးလုပ်ငန်းတွေအတွက် အသုံးပြုရင်း ဘ၀အဓိပ္ပာယ်ပြည့်ဝအောင် တည်ဆောက် နေတာလည်း လေးစားစရာ အင်မတန် ကောင်းလှပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ စိတ်ကူးနဲ့ ကြိုးစားအားထုတ်မှုတွေကတော့ ငယ်စဉ်အတည်းက ရှိနေခဲ့တယ်။
`တက်ကျိုးရင် လက်ထိုးလှော်မယ်´
ဒီခရီး. . . ကို မရောက်ရမှာလားဆိုတာ လူငယ်ဘ၀အတည်းက ရှိခဲ့တယ်။ ဒါကို သိမ်သိမ်မွေ့မွေ့ပြောရရင်တော့
ဆန္ဒသည် လောကကို ဖြစ်စေ၏´ တဲ့
ဒီစိတ်နဲ့ အလုပ်ကို အလုပ်ပီသအောင် လုပ်ခဲ့တာပဲ။
အလုပ်ကို လုပ်တဲ့အခါ ရည်ရွယ်ချက်ရှိဖို့ လိုတယ်။
လူ့ဘ၀မှာ အောင်မြင်မှုဆီကို သွားဖို့ဆိုရင် Roll Model တွေ သတ်မှတ်ထားကြဖို့ လိုတယ်။ Principle Roll Model တစ်ခု ထားဖို့လိုတယ်။ အန်ကယ်က အဲဒါကို သေသေချာချာ ထားခဲ့တယ်။ အဲဒီလို ထားပြီးလုပ်တော့လည်း အမျိုးသားစိတ်ရှိဖို့ လိုတယ်။ အဲဒီလိုမှ မရှိရင် တိုင်းပြည်လည်း တိုးတက်ဖို့ နှောင့်နှေးမယ်။ ဈေးကွက် စီးပွားရေးကို သွားတဲ့အခါ နိုင်ငံတကာနဲ့ တန်းတူသွားနိုင်ဖို့၊ နိုင်ငံတကာစီးပွားရေး စံနှုန်းတွေ၊ နည်းလမ်းတွေကို ကျွမ်းကျင်တဲ့ မြန်မာတိုင်းရင်းသားလုပ်ငန်းရှင်တွေ အများကြီး လိုတယ်။
ကိုယ်ကျိုးစီးပွားသာမက တိုင်းပြည်အကျိုးစီးပွားကိုပါ တိုးတက်စေချင်တယ်။
Asia ဒေသ နိုင်ငံတကာပုံစံ စီးပွားရေးကို ဖော်ဆောင်နေတယ် ဆိုပေမဲ့ ရိုးရာပုံစံနဲ့သွားနေတော့ စီးပွားရေးကဏ္ဍမှာ နိုင်ငံခြားသားတွေက တော်တော်များများ လွှမ်းခြုံထားတယ်။ မလေးမှာ ၆၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာ ၅၀ ရာခိုင်နှုန်းကျော်၊ ဖိလစ်ပိုင်၊ ယိုးဒယားမှာလည်း ဒီလိုပဲ။ နိုင်ငံခြားသားတွေ ချုပ်ကိုင်ခြယ်လှယ်ထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ။ ဒါကိုကျော်လွှားဖို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်လာဖို့ တွန်းအားပေးနေရမယ်။
မြန်မာလူမျိုးတွေအနေနဲ့ ရောင့်ရဲတဲ့စိတ်ကို နည်းနည်းဖယ်ထုတ်ထားဖို့လိုမယ်။
လုပ်ချင်စိတ်၊ ကြီးပွားချင်တဲ့စိတ်နဲ့ ရှိးရှိးသားသား ကြိုးစားချင်စိတ်တွေ မွေးဖို့လိုမယ်။
လူ့ဘ၀ ခဏရခဲ့တဲ့အချိန်မှာ အောင်မြင်မှုတွေ ရအောင်ကြိုးစားရင် ရလာတဲ့ အသီးအပွင့်တွေကို လူမှုရေးလုပ်ငန်းတွေမှာ အကျိုးပြုထည့်ဝေရင်း ဘ၀အဓိပ္ပာယ်ကို ဖော်ဆောင်နေတယ်။
အောင်မြင်လာတဲ့အခါ ဘာလုပ်မလဲ ဒါသိပ်အရေးကြီးတယ်။
အန်ကယ်တို့ကတော့ အကျိုးပြုလုပ်ငန်းတွေမှာ ပြန်ပြီးအသုံးပြုတယ်။
အထူးသဖြင့် ပညာရေးနဲ့ လူမှုကိစ္စတွေမှာ အသုံးပြုတယ်။ ဥပမာ သာကေတမှာဆိုရင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသား ၁၀၄၀ ယောက်၊ ဆရာမ ၃၆ ယောက်၊ မိဘမဲ့ကလေး ၁၀၀ ကျော် ဒါတွေအတွက် တစ်နေ့ကို ဆန်တစ်အိတ်၊ ဇီဝိတဒါန ဆေးခန်းတစ်ခုဖွင့်ပြီး နေ့တိုင်းလူနာ ၆၅ ယောက်ကနေ ၁၀၀ ကြား အခမဲ့ ဆေးကုပေးတယ်။ ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတစ်ခုဆောင်ဖို့ ရှိတယ်။ ဒါတင်မကဘူး။
မကွေးတိုင်း၊ ကယားပြည်နယ်တွေမှာလည်း ရှိတယ်။ ဒါ့အပြင် ပြိုင်ပွဲတွေမှာ ဆုတွေပေးတယ်။ ထွန်းဖောင်ဒေးရှင်း စာပေဆုတွေ ပေးတယ်။ ပညာရေးထောက်ပံ့စရိတ်တွေ ပေးတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ဆရာဝန် ၁၅ ယောက်၊ အင်ဂျင်နီယာ ၁၀ ယောက်၊ တခြားဘွဲ့ ၂၅ ယောက် ထောက်ပံ့ကြေးပေးတယ်။ နောက် သုံးနှစ်ကစပြီး နှစ်တိုင်း ဆရာဝန် ၁၅ ယောက်၊ အင်ဂျင်နီယာ ၁၀ ယောက်၊ တခြားဘွဲ့ ၂၅ ယောက် မွေးထုတ်ပေးနိုင်တော့မယ်။ ဒါတွေ ဘာလို့ လုပ်တာလဲဆိုရင် ထွန်းဖောင်ဒေးရှင်းရဲ့စကားကို ချပြမယ်။
`သေရွာသို့ ပါသွားကြမည် မဟုတ်သော
စည်းစိမ်၊ ဥစ္စာ၊ အာဏာ၊ အဆောက်အဦးတို့နှင့်
သေရွာသို့ပါသွားကြမည် ဖြစ်သည့်
အကုသိုလ်တရားကို အလဲမိပါစေနှင့်´
အဲဒါ ထွန်းဖောင်ဒေးရှင်းရဲ့ စကားပဲ။
ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အောင်မြင်မှုတွေနဲ့ ဘ၀နေမှုပုံစံအကောင်းဆုံး တည်ဆောက်နိုင်ခဲ့တဲ့ အန်ကယ်က မှုလလက်ခံထားတဲ့ အောင်မြင်မှုဆီ ရှေ့ရှုရာလမ်းကို အခုလို ပြောပြပါတယ်။
ထိပ်ဆုံးကိုတက်ဖို့အတွက် အခြေခံကောင်းတဲ့ လှေကားထစ်တွေ တည်ဆောက်ဖို့ လိုပါတယ်။ မိမိ ဂုဏ်သတင်းကောင်းဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ကြိုးစားချင်စိတ်ရှိဖို့၊ အမြော်အမြင်ရှိဖို့၊ ဂုဏ်သိက္ခာကို အမြဲတမ်းဖြည့်ဆည်းနေဖို့စတဲ့ လှေကားထစ်တွေကို ဘ၀ကို ကြိုးစားတက်လှမ်းသွားရင် အပေါ်ရောက်မှာ သေချာပါတယ်။ အပေါ်ရောက်သွားရင်လည်း လူ့ဘ၀မှာရှိတဲ့ စည်းကမ်းဘောင်တွေနဲ့ ကိုက်ညီအောင်နေထိုင်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးရမယ်။
အချစ်ဆိုတဲ့စကားလုံးကို မသုံးချင်သူ
သိတတ်စိတ်နဲ့ပေးဆပ်ချင်သူ
(၃) နှစ်ပြည့် အမှတ်တရစကား
(၃) နှစ်ပြည့် မုဒိတာစကား
အောင်မြင်သူတို့၏ ဘ၀မှတ်တမ်း
Public Enemies ဇာတ်ကားနဲ့ပတ်သက်ပြီး ပန်းချီကားတစ်ချပ်အတွက် ဆေးရောင်အသစ်တွေရခဲ့တယ်လို့ ဖြေခဲ့တဲ့ Johnny Depp
ဆယ်ကျော်သက်အရွယ် မဟုတ်တော့တဲ့ Hilary Duff
Stars From Media World