Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter

ဘာပဲလုပ်လုပ်
ငါက ဘာဖြစ်လို့
ဘာတော့မလုပ်နိုင်ဘူး
ဆိုတာမျိုး
တွက်ကပ်မနေဘူး။
ဘယ်နေရာမှာ
ဘာအဆင့်ပဲ လုပ်ရလုပ်ရ
အကောင်းဆုံး
လုပ်ပြချင်တယ်။
အနုပညာသမားတွေအတွက် အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေက ဘယ်တော့မှ ငြီးငွေ့သွား စေမှာ မဟုတ်ပါဘူး။ အနုပညာရေစီးကြောင်းထဲမှာ အပြောင်းအလဲနဲ့ တိုးတက်မှုတွေအလိုက် စီးမျောရင်း ရှင်သန်တဲ့ ဘဝပုံစံကို တည်ဆောက်နိုင်ခဲ့သူကတော့ ဒါရိုက်တာအောင်ကိုလတ်ပဲ ဖြစ်ပါတယ်။ တေးရေး၊ တေးဆို၊ ဂီတသမား၊ တီးဝိုင်းခေါင်းဆောင်၊ ဓာတ်ပုံဆရာ၊ ဒါရိုက်တာဆိုတဲ့ အနုပညာဘဝတွေကို ဖြတ်သန်းရင်းကပဲ အရင်စတူဒီယိုခေတ်ဦးကာလတွေကိုလည်း အမှတ်တရ ရှိနေဆဲပါပဲတဲ့။
“လူငယ်ပိုင်းလောက်ပဲ စတူဒီယိုခေတ်ဦးကာလကို ဖြတ်သန်းခဲ့ရတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုခဲ့သလို ကိုယ်ပိုင် တီးဝိုင်းလည်း ထောင်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကလည်း ဂီတရေစီးကြောင်း အပြောင်းအလဲ တစ်ခုကို ဖြတ်သန်းခဲ့ကြတာပဲ။ ကိုယ်ယုံကြည်တဲ့ ဂီတပုံစံတစ်ခုနဲ့ ထိုးဖောက်ခဲ့ကြတာပဲ။ မှတ်မိသေးတယ်။ တီးဝိုင်းတွေက သိပ်မများကြသေးဘူး။ လူတွေကလည်း ဒီဘက်လူငယ်တွေလောက် မများခဲ့ဘူး။ အခါကြီး ရက်ကြီးတွေမှာ show ပွဲတွေက အဲဒီတုန်းကတော့ ဇာတ်ပွဲကြီးတွေနဲ့ အပြိုင်ပေါ့”

‘ဂီတ’ဆိုတဲ့ အနုပညာရေစီးကြောင်းထဲမှာ ဝါသနာတူ ဂီတသမားတွေရဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း တမ်းတလွမ်းဆွတ်နေတုန်းပဲလို့လည်း ပြောပြပါတယ်။


“ဟိုအရင်တုန်းကလည်း မျိုးဆက်ကွာဟမှုတွေက ဂီတသမားတွေအတွက် အခက်အခဲပိုများခဲ့သလိုတော့ ရှိတယ်။ အပြောင်းအလဲတစ်ခုကို ချက်ချင်းလက်မခံနိုင်ကြဘူးလေ။ ဒီတော့ ကိုယ်ယုံကြည်တဲ့ ပုံစံသစ်အတွက် ကြိုးစားတည် ဆောက်ကြရတယ်။ ဒါပေမဲ့ အဲဒီတုန်းက လူတွေအားလုံးက တီးဝိုင်းမတူ၊ ခြေလှမ်းချင်းမတူကြပေမဲ့ အားလုံး နွေးနွေးထွေးထွေးရှိခဲ့တယ်၊ ခုထိလည်း နွေးထွေးဆဲပဲ။ အခုခေတ် လူငယ်တွေကျတော့ အပြိုင်အဆိုင်တွေ များလာကြသလို အဖွဲ့တွေ၊ လူတွေလည်း များလာကြတယ်။ အင်အားတွေ တိုးလာကြပေမဲ့ ဟိုတုန်းကလောက် မနွေးထွေးဘူးလို့ ထင်မိတယ်”

အနုပညာအလုပ်ကို ဂီတနဲ့စခဲ့ပေမဲ့ အပြောင်းအလဲပုံစံသစ်တွေ တည်ဆောက်ဖြစ်ခဲ့တာကတော့ အလုပ်နဲ့ ရှင်သန်လိုတဲ့စိတ်ကြောင့်လို့လည်း ဆိုပါတယ်။ “ဂီတသမားက ဘဝအစဆိုပေမဲ့ ခေတ်ရဲ့အပြောင်းအလဲနဲ့ ကိုယ်တိုင်လည်း အပြောင်းအလဲဖြစ်ချင်လို့ ဓာတ်ပုံအနုပညာဘက်ကို ရောက်ခဲ့ပြန်တယ်။ ပုံစံတစ်ခုတည်းမှာ ရှင်သန်ရတာထက် ရှင်သန်နိုင်သမျှ အလုပ်တွေကိုလည်း လုပ်ချင်တယ်။ အနုပညာဆို အများကြီးကျယ်ပြန့်တယ်။ ဓာတ်ပုံကနေ ဗီဒီယို၊ အဲဒီကနေ အခု ကြော်ငြာဒါရိုက်တာအထိ အနုပညာလမ်းကြောင်းထဲက မထွက်နိုင်သေးဘူး”

ဘယ်အချိန် ဘယ်အခါ ဘယ်နေရာပဲရောက်ရောက် ဘာတွေပဲလုပ်လုပ် ‘အောင်ကိုလတ်’ဆိုတဲ့ နာမည်ကတော့ ထင်ပေါ်ခဲ့တာချည်းပဲ။ အဲဒီအတွက် အလုပ်တွေအပေါ်မှာထားတဲ့ သဘောက သာမန်အတွေးမျိုး မဟုတ်ခဲ့ဘူး။ “ဘာပဲလုပ်လုပ် ကောင်းအောင်လုပ်ချင်တယ်။ မလုပ်ချင်တဲ့အလုပ်ကို အစကတည်းက လက်မခံဘူး။ ကိုယ်က တာဝန်ယူရတဲ့ အလုပ်ဆိုရင်လည်း ဘယ်နေရာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်ချင်တယ်။ ဆိုလိုတာက ကိုယ်တတ်ထားခဲ့တဲ့ အခြေခံတွေကို ပြန်လုပ်ရမယ်ဆိုရင်လည်း မငြင်းဘူး။ ဥပမာ ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဓာတ်ပုံဆရာ လုပ်ရမယ်ဆိုရင်လည်း ကိုယ်လုပ်ချင်ရင် ဝင်လုပ်တာပဲ။ ငါက ဘာဖြစ်လို့ ဘာတော့မလုပ်နိုင်ဘူးဆိုတာမျိုး တွက်ကတ်မနေဘူး။ ဘယ်နေရာမှာ ဘာအဆင့်ပဲ လုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပြချင်တယ်”

နိုင်ငံတကာအတွေ့အကြုံတွေများခဲ့သူတစ်ယောက်က နိုင်ငံတကာနဲ့ယှဉ်လုပ်တဲ့အလုပ် တွေမှာတော့... “ဘယ်နိုင်ငံဘယ်နေရာပဲရောက်ရောက် ရောက်ရာအရပ်နဲ့ လုပ်ရတဲ့အလုပ်ပတ်ဝန်းကျင်မှာ ‘ငါဟာမြန်မာ’ ဆိုတဲ့စိတ်ထားကို အမြဲထားခဲ့တယ်” အောင်မြင်မှုဟာ ပန်းတိုင်တစ်ခုလို့ဆိုခဲ့ရင် အဲဒီပန်းတိုင်ရောက်ဖို့ ကြိုးစားအားထုတ်မှု ကိုတော့ အခုလို ပြောပြခဲ့ပါတယ်...။ “အောင်မြင်မှုဆိုတာကတော့ အဓိပ္ပာယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ဖြစ်နေမှာပါ။
လူတစ်ယောက်နဲ့တစ်ယောက် အယူအဆတူမှာ မဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ကောင်းစေချင်တဲ့ စေတနာစိတ်နဲ့လုပ်။ ဒါဆို အကျိုးမယုတ်နိုင်ပါဘူး။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ အချိန်အခါ၊ လုံ့လဝီရိယ၊ ကံ၊ အခြားအကြောင်းတွေလည်း တိုက်ဆိုင်မှ ဖြစ်လာနိုင်တာမို့ ကိုယ့်ဘက်က မလျှော့ဖို့ပဲ အဓိကပါ”
ကိုယ်ကျင့်တရား ကောင်းဖို့လိုတယ်
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (ရေဗက္ကဝင်း)
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (မိုးမိုး)
ဘာပဲလုပ်လုပ်
ရိုးသားမှုနဲ့ မာယာ
မာနပဲရှိတယ်
ကိုယ်လုပ်တဲ့လုပ်ကို ယုံကြည်ဖို့လိုတယ်
တစ်ခါတစ်ရံမှာ
ကြိုးစားပါ
Stars From Media World