Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 12, Volume 3, October 2009
Magazine Contents of this month
Email :
Password :
Forget Password ?
Enter
တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း
မေးခွန်းဖြစ်လာရတဲ့ ဖြစ်ကြောင်းကြောင့်
အရှေ့တိုင်း ဥရောပသို့တစ်ခေါက်
နတ်မတောင် သို့မဟုတ် ခေါနုသုမ်တောင်သို့ ခရီးသွားအမှတ်တရ
ခေါင်းဆောင်
အနက်များတဲ့ ကဗျာတစ်ပုဒ်
ဗ၈ျီ အောင်စိုးနှင့် မောင်မိုးသူ
မမြမေ၏ ပြောရေးဆိုခွင့်
စနေ ချစ်သူ
စိမ်းလန်းခြင်းပဲ့တင်
လမ်းများနဲ့ တို့တစ်တွေ
ဝိလုပ်ချင်သူများ
အမည်မဲ့ကမ္ဘာ
လိပ်ပြာမိမယ်
စုံည (Sunya)
အချစ်လမ်း
လေပါမှ နေသာတာ
တိကျကျ
လူပေါင်းမှားလို့
ကုန်အောင်သောက်ပေရော့
အနက်များတဲ့ ကဗျာတစ်ပုဒ်
(၁)
သူတို့စကားဝိုင်းမှာ အနုပညာပစ္စည်း တစ်ရပ်ကို အနက်ကောက်ခြင်းအလုပ်ထက် ခံစားကြည့်ဖို့က အရေးကြီး တဲ့အကြောင်း ဆွေးနွေးနေကြပါတယ်။ အနက်ကောက်မှုကို ဆန့်ကျင်ခြင်း (Against Interpretation) ဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးနေကြတာလည်း အကြာကြီးပါပဲ။ against Interpretation ဆိုတဲ့ စာအုပ်ကိုရေးတဲ့ Susan Sontag ရဲ့အတ္ထုပ္ပတ္တိကိုလည်း ပြောကြသေးတယ်။ အဲဒီကနေပြီး ပို့စ်မော်ဒန် အကြောင်း၊ ဒီကွန်စရပ်ရှင်း Deconstruction အကြောင်းတွေကိုလည်း ပြောကြပြန်ပါတယ်။
အနက်ကောက်ခြင်းကို ဆန့်ကျင်တဲ့အကြောင်းကို ပြန်ပြောရင်းကနေ ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို အနက် မျိုးစုံကောက်ပြနေကြပြန်ပါတယ်။ သူတို့ပြောဆိုအနက်ကောက်ကြည့်နေတဲ့ ဆရာဇော်ဂျီရဲ့ကဗျာက ‘ညီသစ်ဆင်း ကဗျာစု’ ထဲက ‘မင့်အိမ်’ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာထဲမှာပါတာက အမျိုးမျိုး အလှအပတွေ ခြယ်သထားတဲ့ သူများရဲ့ အိမ်ကြီးအိမ်ကောင်းကို လှမ်းမျှော်ကြည့်ပြီး ဒီလိုအိမ်ကြီးအိမ်ကောင်းနဲ့ မနေနိုင်တဲ့ မိမိအဖြစ်ကို အားငယ်နေသူအတွက် ကဗျာဆရာက ‘ငါ့ညီ ပြောင်ဝင်း မောင်သစ်ဆင်း၊ မင်းက မင့်အိမ်၊ လွန်သေးသိမ်တယ်ထင်ပြီး စိတ်ထောင်း ကိုယ်ကြေတခွေခွေနဲ့ အားငယ်မနေစမ်းပါနဲ့၊ ကိုယ့်အိမ်ကိုယ် ကောင်းသည်ထက်ကောင်းအောင်ပြင်ပေါ့။ ကိုယ်မပိုင်တဲ့ သူများအိမ်ကို အားကျမနေဘဲ ကိုယ်ပိုင်တဲ့ ကိုယ့်အိမ်ကို ကောင်းအောင် နှိုင်းနှိုင်းချိန်ချိန်နဲ့ ပြုပြင်ဖို့ အားပေးထားတာ ဖြစ်ပါတယ်။
ဆွေးနွေးသူတစ်ဦးက ‘မင့်အိမ်’ ကဗျာရဲ့နောက်ဆုံးပိုဒ်ကို ရွတ်ပြပြီး ဘာသာတရားဘက်ကနေ အနက်ကောက်ပြဖို့ ကြိုးစားတာကို သတိထားမိပါတယ်။ ကဗျာရဲ့နောက်ဆုံးပိုဒ်က ဒီလိုပါ။
မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်
မင့်အိမ်ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာအခင်း ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင်အနဲ့၊ အရွဲ့အစောင်း
မကောင်းမပြေ၊ ဟောင်းထွေထွေကို
အခြေနှင့် မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း၊ သစ်စေမင်း။
ဆွေးနွေးသူက ဒီအပိုဒ်ကို ရွတ်ပြပြီးတော့ ‘ဆရာဇော်ဂျီက သုံးနှုန်းထားတဲ့ ‘မင့်အိမ်’ဆိုတာဟာ ‘မင့်ရဲ့ဘဝ’လို့ အလင်္ကာပြုထားတာလို့ ယူလို့ရတယ်။ ကိုယ့်ဘဝရဲ့ အကောင်းအဆိုးဟာ ကိုယ့်အပေါ်မှာပဲ ပဓာနအားဖြင့် မူတည်တယ်။ ဒီသဘောကို ‘မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်’ ဆိုတဲ့ စကားက ဖော်ပြနေတယ်။ ဆရာဇော်ဂျီဟာ ဗုဒ္ဓဝါဒီတစ်ဦးဆိုတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတဲ့ ဗုဒ္ဓရဲ့အဆိုအမိန့်ကို ခံယူမိထားမှာပဲ။ ကိုယ်ပြုတဲ့ ကံအတိုင်း အကောင်းအဆိုးဖြစ်ရတာပဲ ဆိုတာကိုလည်း ဆရာ့ရင်ထဲမှာ ခံယူထားပြီး ဖြစ်မှာပဲ။ ဒါကြောင့် ‘မကောင်းမင့်အိမ်၊ ကောင်းမင့်အိမ်တည့်’ လို့ စပ်ဆိုတာ ဖြစ်မယ်။
ဗုဒ္ဓဝါဒီဟာ တခြားဘာသာတွေလို သက်ဝင်ယုံကြည်မှုပေါ် အခြေခံပြီး ဖန်ဆင်းရှင်တန်ခိုးရှင်ထံမှာ ကိုယ့်ဘဝ တိုးတက်ဖို့၊ အောင်မြင်ဖို့ ဆုတောင်းတာမျိုးကို လက်မခံဘူး။ ဗုဒ္ဓဝါဒဟာ ဖန်ဆင်းရှင်တန်ခိုးရှင်ရဲ့ အလိုတော်အတိုင်း လူတစ်ဦးရဲ့ ဘဝအကောင်းအဆိုးဖြစ်ရတယ်လို့ ခံယူတဲ့ ‘ဣဿရ နိမ္မာနဝါဒ’ကို လက်မခံဘူး။ ဖန်ဆင်းသူရှိတယ်လို့လည်း လက်မခံဘူး။ ဒီတော့ပေးမယ့်သူ မရှိတော့ ဆုတောင်းခြင်းမျိုးကိုလည်း မပြုဘူး။ အိမ်မှာ အမိုးယိုနေရင် မယိုပါစေနဲ့၊ အိမ်မှာ မိုးရေတွေ မရွှဲစိုပါရစေနဲ့လို့ ဆုတောင်းနေလို့ မဖြစ်ဘူး။ ယိုတာကို မယိုအောင် ကိုယ်ဘာသာ ဖာထေးခြင်း အလုပ်ကို လုပ်ဖို့ပဲရှိသလို၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်လို့ပဲ ဗုဒ္ဓဝါဒက လမ်းညွှန်တယ်။ ပြီးတော့ ဗုဒ္ဓဝါဒဟာ ‘ပုဗ္ဗေကတဟေတုဝါဒ’ ဆိုတာကိုလည်း လက်မခံဘူး။ ပုဗ္ဗေကတ ဟေတုဝါဒ ဆိုတာကတော့ လူတစ်ဦးမှာ အကောင်းအဆိုး ဖြစ်လာခြင်းဟာ အတိတ်ကကံကြောင့်ဖြစ်တာပဲလို့ ယူဆတဲ့ဝါဒကို ဆိုလိုတယ်။ မကောင်းတာတွေ ဖြစ်လာတာဟာလည်း အတိတ်ကံကြောင့်၊ ကောင်းတာတွေ ဖြစ်လာတာလည်း အတိတ်ကကံကြောင့်လို့ အတိတ်ကံ အပေါ်မှာချည်း ပုံချတတ်တဲ့ အယူအဆမျိုးကို ဆိုလိုတယ်။
ဗုဒ္ဓဝါဒအလိုအရကတော့ အတိတ်ကပြုခဲ့တဲ့ ကံ တွေကို ပြန်ပြီးပြုလို့ မရတော့ဘူး။ ပြီးခဲ့ပြီးပြီ။ ဒီတော့ အခုလက်ရှိပစ္စုပ္ပန်မှာ မိမိနဲ့ အသက်ဆိုင်ဆုံးကတော့ မိမိရဲ့ဥာဏ်၊ မိမိရဲ့ဝီရိယကို အားကိုးပြီး ဖြစ်ချင်တာကို ဖြစ်အောင်၊ မကောင်းရင် ကောင်းအောင်၊ မတိုးတက်ရင် တိုးတက်အောင် လုပ်ဆောင်ဖို့ လိုတယ်။ ဒီလိုလုပ်ဆောင်ဖို့ လိုတယ်လို့ ခံယူတာကို ဗုဒဝါဒအလိုအရ ‘ကမ္မဿကတာ သမ္မာဒိဠိ’ လို့ ခေါ်တယ်။
ဒီအယူဝါဒ၊ ဒီခံယူချက်နဲ့ လုပ်ဖို့ လိုတာကို ဆရာဇော်ဂျီက ...`အခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍၊ လုံ့လသက်သွင်း၊ သစ်စေမင်း’ လို့ ဆိုထားတာ။ ဟုတ်တယ်။ ပဓာနအားဖြင့် ကိုယ့်ဘဝရဲ့ အကောင်းအဆိုးဟာ ကိုယ့်ဥာဏ်စွမ်း၊ ဝီရိယစွမ်းပေါ်မှာပဲ မူတည်တယ်။
မိုးတွေယိုပြီး ရေတွေစိုလို့ အိမ်ဆွေးမြေ့ ပျက်စီးတော့မှာလို ကိုယ့်ဘဝ ကိုယ့်ခန္ဓာမှာ အကျင့်စရိုက်ဆိုးတွေ ထိုးဖောက် ဝင်ရောက်လာတတ်တယ်။ လောင်းကစားတွေ၊ မူးယစ် ဆေးဝါးတွေ၊ အရက်တွေကို စွဲငြိပြီး ဒါတွေက ကိုယ့်ဘဝ ကိုယ့်ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့၊ ပျက်စီးစေဖို့ ဝင်လာပြီးဆိုရင်လည်း ကိုယ့်အိမ်အမိုးပေါက် ကိုယ်ဖာမှ ရသလိုပဲ။ကိုယ် ကိုယ်တိုင်က ဒီအကျင့်ဆိုးတွေကို ဘဝထဲ ယိုစီးဝင်မလာတော့အောင် ပိတ်ဆို့ရမှာပဲ။ မိမိဘဝရဲ့ အကာအခင်းနဲ့တူတဲ့ ကျန်းမာရေးတွေ၊ ကိုယ်ကျင့်သီလတွေ ယိုယွင်းနေရင်လည်း မိမိကိုယ်တိုင်ကပဲ ပြင်ရမှာပဲ။
ပြီးတော့ ကိုယ့်အိမ်တွင်းကသူတွေနဲ့ ဆက်ဆံရာမှာ အခွင်တွေ၊ အနဲ့တွေ၊ အရွဲ့တွေ၊ အစောင်းတွေ ရှိနေတာ၊ မပြေမလည်တွေ၊ လွဲလွဲချော်ချော်တွေ၊ မပြေမပြစ် ဖုဖုထစ်ထစ်တွေ ရှိနေ ဖြစ်နေရင်လည်း ကိုယ်ကပဲ ပြင်ရမှာပဲ။ မလိုလားအပ်တဲ့၊ ဟောင်းနွမ်းနေတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိနေရင်လည်း ကိုယ်ကပဲ ပြင်ရမယ်။ ဒီလိုပြင်တဲ့အခါမှာ အခြေ အနေတွေကို သုံးသပ်ဆင်ခြင်နိုင်တဲ့ ဥာဏ်နဲ့ မဖြစ်မနေလုပ်ဆောင်ခြင်းဆိုတဲ့ လုံ့လဝီရိယ ရှိဖို့ လိုအပ်တယ်ဆိုတာကို ဒီကဗျာက ညွှန်းဆိုနေတာလို့ ပြောရင်လည်း ရတယ်။ အနုပညာတစ်ရပ်ကို တစ်မျိုးမက နှစ်မျိုးမက အနက် ကောက်ယူနိုင်တယ်။ There can be more than one interpretation လို့ ပြောတာရှိတယ်မဟုတ်လား။ ဒီတော့ ‘မင့်အိမ်’ ဆိုတာဟာ ကိုယ်နေထိုင်နေတဲ့ ကိုယ့်ကမ္ဘာကြီးကိုလည်း ညွှန်းနိုင်တယ်၊ တစ်စုံတစ်ယောက်ပါဝင်နေထိုင်နေတဲ့ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုကိုလည်း ညွှန်းနိုင်တယ်။ ဒါ့အပြင် ကိုယ်ပါဝင်နေတဲ့ အိမ်ထောင်စုတစ်စုကိုလည်း ရည်ညွှန်း နိုင်တယ်။ ခေါင်းဆောင်အဖြစ်နဲ့ ကိုယ်က လူ့အဖွဲ့အစည်းတစ်ရပ်၊ လုပ်ငန်းအဖွဲ့အစည်း တစ်ခု၊ အသိုက်အဝန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူဆိုရင်လည်း မိမိနဲ့ မိမိ အဖွဲ့အစည်းကို ကဗျာက ‘မင့်အိမ်’လို့ ရည်ညွှန်းရာ ရောက်ပြန်တာပဲ။
ကိုယ်ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းဟာ အခြေအနေ အကြောင်းကြောင်းတွေကြောင့် အဖက်ဖက်က ယိုယွင်းနေတယ်။ ယိုယွင်းနေတဲ့ အိမ်မှာ မိုးယိုသလိုပေါ့။ ဒီလို ဖြစ်လာရင်လည်း ကိုယ်က ဦးဆောင်ပြီး ပြင်ရမှာပဲ။ အကာအခင်းနဲ့တူတဲ့ စီးပွားရေးတွေ၊ ကိုယ်ကျင့်တရားတွေ ယိုယွင်းပြိုပျက်နေမယ်။ ဒီလိုယိုယွင်းပြိုပျက်နေရင်လည်း ကိုယ်ကပဲ ဦးဆောင်ပြီး ဆက်လက် ပြင်ဆင်ရမှာပဲ။ ဆက်ပြင်ရမှာ မပြင်ဘဲ ညိုညို ညင်ညင်နဲ့ တွေတွေဝေဝေဖြစ်မနေဖို့ ညွှန်းဆိုတယ်လို့လည်း ပြောလို့ရတယ်။
ကဗျာမှာ ‘အခွင်အနဲ့၊ အရွဲ့အစောင်း၊ မကောင်းမပြေ၊ ဟောင်းထွေထွေကို အခြေနှင့်မျှ ဥာဏ်ဖြင့်ဆ၍ လုံ့လသက်သွင်း၊ သစ်စေမင်း’ တဲ့။ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ ကဏ္ဍအသီးသီးမှာ လုပ်ကိုင်ဆောင်ရွက် နေသူတွေဟာ ပေါ့ပေါ့လျော့လျော့နဲ့ စိတ်ဓာတ်ရေးရာတွေ ယိုင်ယိုင်နဲ့နဲ့ ဖြစ်ချင်ဖြစ်နေမယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း အမြင်တွေ ရွဲ့ရွဲ့စောင်းစောင်းနဲ့မို့လို့ မစည်းလုံး၊ မညီညွတ်မှုတွေ ဖြစ်နေချင် ဖြစ်နေမယ်။ ဒါတွေဖြစ်နေမယ်ဆိုရင်လည်း မိမိကဦးဆောင်ပြီး ပြေပြေလွင်လွင် ညီညီညွတ်ညွတ်ဖြစ်အောင် ပြုပြင် ရမယ်။ အခြေအနေတွေကို နှိုင်းနှိုင်းချိန်ချိန်နဲ့ ရှုမြင်သုံးသပ်တတ်တဲ့ ဥာဏ်ပညာမှာ မလျော့တဲ့ လုံ့လဝီရိယပေါင်းပြီးတော့ မကောင်းမပြေတဲ့ နေရာတွေမှာ ကောင်းတာတွေ၊ ပြေလည်တာတွေဖြစ်အောင် ယိုယွင်းဆွေးမြေ့ ဟောင်းနွမ်းတာတွေ နေရာမှာ အသစ်အသစ်တွေဖြစ်အောင် ကြိုးစားပါလို့ ကဗျာက ညွှန်းဆိုတယ်လို့လည်း ပြောနိုင်ပါတယ်။
(၂)
အထက်ပါအကြောင်းအရာကို ပြောပြီးတဲ့နောက် သူက အနုပညာ ဖန်တီးသူနဲ့ အဲဒီဖန်တီးလိုက်တဲ့ အနုပညာကို ခံစားတဲ့သူဆိုပြီး နှစ်ဦးနှစ်ဖက်ရှိရာမှာ ခံစားသူဘက်ကနေပြီး ခံစားတတ်အောင် ကြိုးစားအားထုတ်ဖို့ အများကြီးလိုတဲ့ အကြောင်းကို တခမ်းတနားဆက်ပြီး ပြောပါတယ်။ သရုပ်မှန် အနုပညာပစ္စည်းကို ဖန်တီးသူနဲ့ ခံစားသူကြားက ဆက်သွယ်မှု၊ မော်ဒန်အနုပညာဖန်တီးသူနဲ့ ခံစားသူကြားက ဆက်သွယ်မှု၊ ပို့စ်မော်ဒန်အနုပညာ ဖန်တီးသူနဲ့ ခံစားသူ ကြားက ဆက်သွယ်မှုကြောင်းတွေကိုလည်း သူကအများကြီး ပြောပါတယ်။
သူပြောတာတွေကို နားထောင်မိနေရင်းက ကျွန်တော့်ဘ၀ထဲက များလွန်းလှတဲ့ အခွင့်အနဲ့တွေ၊ အရွဲ့ အစောင်းတွေ၊ မကောင်းမပြောတဲ့ အဟောင်းအဆွေးတွေကို ဘယ်ကဘယ်လိုစပြီး ဖယ်ရပါ့မလဲလို့ အဲဒီနေ့က အတွေးခေါင်နေမိတာကတော့ အမှန်ပဲဖြစ်ပါတယ်။
နန္ဒသိန်းဇံ