|
လွန်ခဲ့တဲ့ရက်က မှာထားတဲ့စာအုပ်တွေကို ပေးဖို့ ဆရာ့အိမ်ကို ရောက်ပါတယ်။ ဆရာ့အိမ်ကိုရောက်တော့ ဆရာက ဧည့်သည်နှစ်ဦးနဲ့ စကားလက်ဆုံကျနေတာကို တွေ့ရပါတယ်။ ဆရာက ဖိတ်ခေါ်တဲ့အတွက် စကားဝိုင်းကို ဝင်ထိုင်ပါတယ်။ ဆရာက ဧည့်သည်များနဲ့လည်း မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်ပေးပြီးတဲ့ အခါမှာ ဆရာက သူ့ပြောလက်စစကားကို ပြန်ကောက်ပါတယ်။ ဆရာက...
|
|
|
`အဲဒီဝတ္ထုတိုကလေးကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ဖတ်ဖူးတယ်၊ ကြိုက်ခဲ့တယ်၊ မကြာခင်က အဲဒီဝတ္ထုတိုလေးကို ပြန်ဖတ်ဖြစ်တယ်။
ပိုတောင်ကြိုက်သွားမိတယ်´ လို့ ပြောနေပါတယ်။ ဆရာပြန်ကောက်တဲ့ စကားထဲက ပိုတောင် ကြိုက်သွားပါတယ်ဆိုတဲ့ ဝတ္ထုတိုဟာ
ဘယ်ဝတ္ထုတိုပါလိမ့်လို့ ကျွန်တော်က တွေးပါတယ်။ ဆရာ့စကား ဆက်နားထောင်တော့မှ ပိုကြိုက်သွားတယ်ဆိုတဲ့ ဝတ္ထုတိုက
ပြင်သစ်စာရေးဆရာ မော်ပါဆွန်း(Guy De Maupassant)ရဲ့ The Damond Necklace ဆိုတဲ့ ဝတ္ထုတိုဖြစ်မှန်း သိပါတော့တယ်။
ကျွန်တော့်ဆရာက ဆက်ပြီးတော့...
|
|
 |
|
| ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ဦး ရှိတယ်။ အဲဒီမိန်းမပျိုလေးဟာ ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းနဲ့ ပြည့်စုံပေမဲ့ ကံမကောင်း အကြောင်းမလှတဲ့အတွက် လူ့အောက်တန်းလွှာ အသိုင်းအဝန်းထဲမှာ လူဖြစ်လာရသူကလေး ဖြစ်တယ်။ ရုပ်ရည်တင့်တယ်သူလေးဆိုတော့ သူ့ကိုယ်သူ စည်းစိမ်ရှင်အထက်တန်းစားဘဝကို ရောက်နိုင်သူလို့ မျှော်လင့်ထားတယ်။
ဒီမိန်းကလေးဟာ လူကုံထံအထက်တန်း စားတွေရဲ့ နေပုံထိုင်ပုံ၊ ဝတ်စားဆင်ယင်ပုံကို အင်မတန်နှစ်သက်တယ်၊ အထင်ကြီးတယ်။ လူကုံထံအထက်တန်းစားတွေ နေထိုင်တဲ့ အိမ် ကြီးတွေထဲက အဆင်အပြင် မွမ်းမံခြယ်လှယ် ထားတာတွေကိုလည်း အင်မတန် အထင်ကြီး တယ်။ အဲဒီအပြင်အဆင်အမွမ်းအမံတွေ ခမ်းနားထည်ဝါတဲ့ အသုံးအဆောင်တွေနဲ့ နေလိုက်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ ဒီမိန်းကလေးက ပြင်းပြင်းပြပြတောင့်တတယ်။ ဒါပေမဲ့ မိန်းကလေးခမျာ ဂုဏ်သရေကလည်း မရှိ၊ ဓနဥစ္စာကလည်း မရှိ၊ လူကုံထံဆိုသူတွေနဲ့ ရင်းနှီးခွင့်ကလည်း မရခဲ့တော့ အထက်တန်းစားနဲ့ အိမ်ထောင်ကျဖို့ ဆိုတာကို မမျှော်လင့်နိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ သာမန် စာရေးလေးတစ်ယောက်နဲ့ပဲ အိမ်ထောင်ကျ သွားတယ်။
|
|
အထက်တန်းစားဘဝမရောက်ရတော့တဲ့ မိန်းကလေးဟာ သူရောက်ရှိနေတဲ့ အိမ်ထောင်သည်ဘဝကို အကြီးအကျယ် မကျေမနပ်တွေ ဖြစ်တယ်။ စိတ်မချမ်းမသာဖြစ်တယ်။ မယ်သီလရှင်ကျောင်းမှာ နေခဲ့တုန်းက သူ့မှာ ခင်မင်တဲ့ သူငယ်ချင်းမတစ်ယောက်ရှိတယ်။ ဒီသူငယ်ချင်းမက အခုအခါမှာ သိပ်ကို ချမ်းသာနေတယ်။ သူ့အိမ်ကို သွားမလည်ရဲတော့ဘူး။ ဘာကြောင့်ဆိုတော့ သွားလည်တဲ့အခါ သူ့သူငယ်ချင်းမရဲ့ အိမ်က ခမ်းနားထည်ဝါမှုကို မြင်ပြီး အိမ်ပြန် ရောက်ရင် သူ့ဘဝရဲ့နုံချာမှုတွေက ပိုပြီးပေါ်လွင် လာတယ်။ သူ့ဝန်းကျင်မှာမြင်ရသမျှတွေဟာ အဟောင်းအနွမ်းတွေ၊ ဂုဏ်ကျက်သရေမရှိတဲ့ အသုံးအဆောင်တွေလို့ ထင်မြင်ပြီး စိတ်မသက် မသာဖြစ်တယ်။ စိတ်ဆင်းရဲမှုတွေ ဖြစ်တယ်။ ဒါကြောင့် သူ့သူငယ်ချင်း သူဌေးမဆီ အလည်မသွားဝံ့အောင် ဖြစ်နေတယ်။
လူကုံထံအထက်တန်းစားဘဝကို မရောက်ရခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ နာကျည်းစိတ်တွေနဲ့ ဒီမိန်းကလေးဟာ ညှိုးညှိုးငယ်ငယ်နဲ့ နေလာခဲ့တယ်။
|
|
တစ်နေ့မှာ သူ့လင်ယောကျာ်းက စာအိတ်ကြီးတစ်အိတ်ကိုယူလာပြီး ဝမ်းသာအားရနဲ့ သူ့ကို ပေးတယ်။ စာအိတ်ကြီးကို ဖွင့်လိုက်တော့
ဧည့်ခံပွဲကို တက်ရောက်ဖို့ ဝန်ကြီးနဲ့ ဝန်ကြီး ကတော်ကဖိတ်တဲ့ ဖိတ်စာဖြစ်နေတာကို တွေ့ရတယ်။ ဒီဖိတ်စာကိုမြင်ရရင်
သူ့အမျိုးအသမီး ဝမ်းသာမှာပဲလို့ ယောကျာ်းဖြစ်သူက မျှော်လင့်နေတာ။ ဒါပေမဲ့ သူ့အမျိုးသမီးက ‘ဒီဖိတ်စာကို ကျွန်မက
ဘာလုပ်ရမှာလဲ’လို့ မကြည်မသာနဲ့ မေးတယ်။ ဒီတော့ ယောကျာ်းက ‘မင်းဘယ် ပွဲလမ်းမှ မသွားဘဲနေနေတာဆိုတော့ ခုလို
မင်းပွဲ စိုးပွဲမျိုးကို သွားများသွားချင်သလား’လို့ ပြော တယ်။ ဒါကို အမျိုးသမီးက ‘ဒီလိုပွဲမျိုးကို ကျွန်မက ဘယ်အဝတ်အစားနဲ့
သွားရမှာလဲ’လို့ ပြန်ပြောတယ်။ ယောကျာ်းက ‘ဟိုတုန်းက အဝတ်အစားတွေ ရှိတယ်မဟုတ်လား၊ အဲဒီ အဝတ်အစားနဲ့ သွားလည်း
တော်ရောပေါ့’လို့ အလိုက်မသိဘဲ ပြောနေတယ်။ ဒီလိုလည်း ပြောရော အမျိုးသမီးက ချုံးပွဲကျပြီး ငိုပါလေ ‘ရော၊။ မင်းပွဲစိုးပွဲနဲ့ လိုက်လျောတဲ့
အဝတ်အစားမျိုး မရှိလို့ ငိုမှန်းကို ယောကျာ်းဖြစ်သူက ခုမှပဲ သဘောပေါက်တယ်။
|
|
ဒါကြောင့် ယောကျာ်းဖြစ်သူက ငှက်ပစ် သေနတ်တစ်လက်ဝယ်မယ်ဆိုပြီး စုထားတဲ့ငွေနဲ့ သူ့အမျိုးသမီးကို အဝတ်အစားချုပ်ပေးဖို့ သဘောတူလိုက်တယ်။
ပွဲတက်ဖို့ ရက်နီးလာပြီ၊ အဝတ်အစားသစ်လည်း ချုပ်ပြီးပြီ။ ဒါပေမဲ့ အမျိုးသမီးဟာ ညှိုးညှိုးငယ်ငယ်ဖြစ်နေပြန်တယ်။ ဒါကြောင့် သူ့ယောကျာ်းက ဘာကြောင့် ဒီလိုဖြစ်နေတာလဲ လို့ မေးတယ်။ အကြောင်းကတော့ အဝတ်အစားတော့ ချုပ်ပြီးပြီ။ ဒါပေမဲ့ လက်ဝတ်လက် စားအဆင်အယင်လိုနေတဲ့အချက်ပဲ။ ဟုတ်တာပေါ့။ အဝတ်အစားပြီးရင် လက်ဝတ်လက်စား အဆင်တန်ဆာဆိုတာကလည်း လိုသေးတာပေါ့။ အဝတ်အစားအတွက် ရှိသမျှငွေ ကုန်ပြီဆိုတော့ အဆင်တန်ဆာအတွက် ဘာမှမတတ်နိုင်တော့ဘူး။
ယောကျာ်းက သူ့မိန်းမရဲ့ ကျောင်းနေဖက် သူငယ်ချင်းသူဌေးမဆီသွားပြီး အဆင်တန်ဆာအတွက် အကူအညီတောင်းပါလားလို့ အကြံပးတယ်။ ဒီအကြံပြုချက်ကို အမျိုးသမီးဖြစ်သူက သဘောတူလိုက်တယ်၊ အကျိုးအကြောင်း ပြောပြတယ်။ သူငယ်ချင်းမက ဗီရိုကြီးကို ဖွင့်ပြီး သေတ္တာကို ထုတ်ယူလာတယ်။ ဒီလိုထုတ်ယူ လာပြီးတော့ ကြိုက်တာကို ရွေးသာယူပေတော့ ဆိုပြီး ရတနာသေတ္တာကို ဖွင့်ပြပေးလိုက်တယ်။ အမျိုးသမီးဟာ တစ်ခုပြီးတစ်ခုယူပြီး မှန်ရှေ့မှာ ဆင်ယင်ရင်း အရိပ်တကြည့်ကြည့်နဲ့ ချွတ်လိုက်၊ လဲလိုက်၊ နောက်တစ်မျိုးကို ဆင်ယင်ကြည့်လိုက်နဲ့ ဘယ်ဟာကို ရွေးရမှန်းမသိ ဖြစ်နေတယ်။ နောက်ဆုံးမှာ စိန်လည်ဆွဲကုံးကို အကြိုက်ဆုံး၊ သူနဲ့အလိုက်ဆုံးလို့ ယူဆပြီး ရွေးယူလိုက်တယ်။ သူငယ်ချင်းသူဌေးမကို သူရွေးတဲ့ လည်ဆွဲကုံးကို ငှားပါလို့ ပြောတယ်။ သူငယ်ချင်းသူဌေးမကလည်း ရက်ရောပျူငှာစွာနဲ့ပဲ ငှားလိုက်ပါတယ်။
|
|
ပွဲတက်ရမယ့်ရက်ကို ရောက်ပါပြီ။ အမျိုးသမီးဟာ ဝတ်စားဆင်ယင်ပြီး ပွဲတက်ပါတယ်။
အဲဒီနေ့ဟာ ဒီအမျိုးသမီးအတွက် အောင်ပွဲသဘင်ကြီး ဖြစ်သွားတယ်။ ဘာကြောင့်လဲ ဆိုတော
့ အဲဒီမင်းပွဲစိုးပွဲကပွဲမှာ သူဟာ အားလုံးထက် အရေးပေးဂရုစိုက်ခံရတဲ့ပွဲ ဖြစ်လို့ပါပဲ။ ဒီပွဲမှာ သူဟာ အလှဆုံး၊
အယဉ်ဆုံး၊ အဝတ်အစားအချိုးကျဆုံးနဲ့ သူ့ရဲ့ပြုံးရွှင်နေတဲ့ မျက်နှာ ကလေးဟာ အများအတွက် ဆွဲဆောင်မှုအရှိဆုံးလို့
သတ်မှတ်ခံရတယ်ဆိုတော့ အမျိုးသမီးဟာ ပျော်လိုက်တဲ့ဖြစ်ခြင်း အတိုင်းမသိပေါ့။ တွေသမျှ
|
|
 |
|
| ယောကျာ်းတွေက
သူ့နာမည်ကို မေးမေးပြီး မိတ်ဆက်ကြတာကိုလည်း သူက နှစ်သက် ပျော်ရွှင်နေတယ်။ အရာရှိကြီးငယ်တွေကလည်း
သူနဲ့တွဲပြီး ကချင်ကြတယ်။ ဝန်ကြီးကိုယ်တိုင်က သူ့ကို တင့်တယ်သူကလေးအဖြစ် ချီးမွမ်း စကားဆိုတယ်။ လူတကာရဲ့
ချီးမွမ်းဩဘာတွေ ကြားမှာ ဝမ်းအသာကြီးသာနေတဲ့ ဒီအမျိုးသမီးဟာ ခန်းမပတ်လည်ကိုလှည့်ပြီး ကတော့တာပဲ။ ချီးမွမ်းခံရခြင်းဆိုတာ
မိန်းမတွေ မက်မောတဲ့ အရာတစ်ခုပဲ မဟုတ်လား။ |
| အရေးတယူအလုပ်ခံစရာမလိုတဲ့ လင်ယောကျာ်းကတော့ ချောင်ကျကျတစ်နေရာမှာ သွားနေပြီး အိပ်ငိုက်နေတယ်။
ပွဲပြီးသွားတဲ့အခါမှာ ယောကျာ်းဖြစ်သူက သူ့အမျိုးသမီးခြုံဖို့အတွက် သူနဲ့တူတူပါလာတဲ့ ခြုံစောင်ကို သူ့အမျိုးသမီးကိုယ်ပေါ် လွှမ်းခြုံပေးတယ်။
အခုအခါမှာတော့ ဒီခြုံစောင်က နုံချာနေတယ်။ အဖိုးတန်သားမွေးအင်္ကျီတွေ ဝတ်ဆင်နေကြတဲ့ ချမ်းသာသူမိန်းမတွေ မြင်မှာစိုးတဲ့အတွက်
လင်မယားနှစ်ယောက်ဟာ မြန်မြန်ပဲ အဆောက်အဦထဲက ထွက်လာခဲ့ကြတယ်။ လမ်းပေါ်မှာ ငှားစီးစရာ ယာဉ်ရထား ရှိလေမလားလို့ ရှာကြတယ်၊
မတွေ့တာနဲ့ နောက်ဆုံးမှာ ရထားခပ်စုတ်စုတ်တစ်စီးကို ငှားပြီး အိမ်ကို ပြန်ခဲ့ကြတယ်။
|
| အမျိုးသမီးဟာ အဝတ်မလဲခင် သူ့ရဲ့အလှအပကို ထပ်မြင်ချင်တဲ့သဘောနဲ့ မှန်ရှေ့မှာ ရပ်တယ်။ ဒီလိုရပ်ပြီး ပခုံးပေါ်ကလွှမ်းထားတဲ့ ခြုံစောင်ကို ဖယ်လိုက်တယ်၊ ဖယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့နှုတ်က ‘ဟိုက်’ခနဲ အသံ ထွက်သွားတယ်။ သူ့လည်တိုင်မှာ စိန်လည်ဆွဲကုံး မရှိတော့ဘူး။
သူ့ယောကျာ်းက ဘာဖြစ်တာလဲလို့ လှမ်းမေးတယ်။ စိန်လည်ဆွဲကုံး မရှိတော့တဲ့ အကြောင်းပြောတော့ ယောကျာ်းဖြစ်သူဟာ စိုးရိမ်စွာနဲ့ သူ့ဆီရောက်လာတယ်။ နှစ်ယောက်သား စိန်လည်ဆွဲကို ရှာကြတယ်။ ဘယ်မှာမှ ရှာမတွေ့ဘူး ဖြစ်နေတယ်။ ယောကျာ်းဖြစ်သူက သူတို့လာခဲ့တဲ့လမ်းအတိုင်း ပြန်လျှောက်ပြီး ရှာကြည့်ဦးမယ်ဆိုပြီး ထွက်သွားတယ်။
မနက် ခုနစ်နာရီထိုးလောက်မှ ယောကျာ်းဟာ ပြန်လာတယ်။ တွေ့လည်း မတွေ့ပါဘူး။ ယောကျာ်းဖြစ်သူက ဆက်ပြီးလုပ်ရတာတွေကတော့ လည်ဆွဲပျောက်မှုကို ရဲကို တိုင်ရတယ်။ သတင်းစာတွေမှာလည်း ပစ္စည်းပျောက်ကြောင်းကို ဆုငွေနဲ့တကွ ကြော်ငြာထည့်တယ်။ ရထားပိုင်ရှင်တွေဆီကိုလည်း သွားတယ်။ ပစ္စည်းပျောက်ကို စုံစမ်းတယ်။ ပစ္စည်းကို တွေ့လိမ့်မယ် ထင်တဲ့နေရာတွေကို သွားတယ်။ ညနေချမ်းရောက်တော့မှ အိမ်ကို ပြန်ရောက်တယ်။ အချည်းနှီးပင်ပန်းပြီး ပြန်လာရတာပဲ။
|
|
တနင်္ဂနွေတစ်ပတ်လောက်ကြာတော့ လည်ဆွဲကုံးကို ပြန်ရဖို့ မျှော်လင့်ချက်တွေ ကုန် သလောက် ဖြစ်သွားတယ်။ နောက်ဆုံးမှာ လင်မယားနှစ်ယောက်ဟာ စိန်လည်ဆွဲကုံးကို အစားဝယ်ထည့်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုဆုံးဖြတ်ပြီးတော့ အမျိုးသမီးငှားယူခဲ့တဲ့ စိန်လည်ဆွဲကုံးနဲ့တူတဲ့ လည်ဆွဲကုံးကို ရဖို့အတွက် ရတနာဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ပြောင်းပြီး ရှာကြတယ်။ နောက်ဆုံးမှာ သူတို့ ရှာနေတာနဲ့ဆင်တူတဲ့ လည်ဆွဲကုံးကို ရတနာ ဆိုင်တစ်ဆိုင်မှာ သွားတွေ့တယ်။ ဆိုင်ရှင်ကို အဲဒီလည်ဆွဲကုံးကို ဘယ်သူ့ကိုမှ မရောင်းပါနဲ့၊ သုံးရက်အတွင်း လာယူပါ့မယ်လို့ မှာခဲ့တယ်။ ဒီလိုမှာခဲ့ပြီးတော့ ဒီလည်ဆွဲကုံးဝယ်ဖို့အတွက် ပြန်ပြီး ငွေရှာကြရပြန်တယ်။ ဟိုလူ့ဆီက တစ်ထောင်၊ ဒီလူ့ဆီက ငါးရာ စသည်ဖြင့် ချေးယူရတယ်။ အတိုးနဲ့ငွေးချေးစားသူတွေဆီကလည်း ချေးယူရတယ်။ လည်ဆွဲကုံးဝယ်ဖို့ အတွက် ငွေမပြည့်မချင်းရတဲ့ နေရာကနေ ငွေချေးယူရတယ်။ ဒီလိုနဲ့ ဖရန့်ငွေသုံးသောင်း ခြောက်ထောင်ပေးပြီး လည်ဆွဲကုံးကို ဝယ်လိုက်တယ်။ ဒီလိုဝယ်ပြီးတော့ သူ့သူငယ်ချင်း သူဌေးမဆီကို အမျိုးသမီးက သွားပြီးပေးတယ်။ ဒီလိုပေးရင်းနဲ့ သူ့ရင်ထဲမှာ သူပြန်ပေးလိုက်ရတဲ့ လည်ဆွဲကုံးထည့်ထားတဲ့ဘူးကို သူ့သူငယ်ချင်း သူဌေးမ ဖွင့်ကြည့်မှာကို စိုးရိမ်နေတယ်။ ဘူးကို ဖွင့်ကြည့်ပြီးတော့ တကယ်လို့များ အစားဝယ် ထည့်ထားတဲ့လည်ဆွဲလို့ သိများသွားရင် ဘယ်လောက်စိတ်ဆိုးလိုက်လေမလဲ၊ ဘယ်လောက် ဒေါသူပုန်ထပြီး ရန်တွေ့လိုက်လေမလဲ၊ သူ့ကို သူခိုးလို့များ စွပ်စွဲလေမလားဆိုတဲ့ အတွေးတွေနဲ့ အမျိုးသမီးဟာ တထိတ်ထိတ် ဖြစ်နေတယ်။ ကြောင့်ကြမှုတွေ ဖြစ်နေတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်းသူဌေးမက ဘူးကို ဖွင့်မကြည့်ပါဘူး။ ဖွင့်မကြည့်ဘဲ ဘူးကိုပြန်သိမ်းလိုက်တော့မှပဲ ရင်ထိတ်တာတွေ ပျောက်သွားတယ်။
|
ဘဝရဲ့ ဖြစ်ရပ်တွေဟာ
ဆန်းကြယ်ပါဘိတယ်။
ဘာမဟုတ်တဲ့
အရာတစ်ခုဟာ
ဘဝတစ်ခုလုံးကိုတောင်
ကောင်းအောင် ဆိုးအောင်
ပြောင်းပစ်နိုင်ပါလား . . .
|
|
စိန်လည်ဆွဲကုံးပြန်ပေးလိုက်ရလို့ စိတ်အေးသွားရပေမဲ့ စိန်လည်ဆွဲကုံးကထားချန်ခဲ့တဲ့ ဒုက္ခတွေကတော့ ဒီအမျိုးသမီးနဲ့ သူ့လင်ယောကျာ်းဆီမှာ တစ်ပုံတစ်ပင်ကြီး ဖြစ်နေတယ်။
တင်ရှိနေတဲ့ ကြွေးတွေကို လစဉ် ပြန်ဆပ်နိုင်ဖို့အတွက် လင်မယားနှစ်ယောက်လုံး ပင်ပန်းစွာ အလုပ်လုပ်နေကြပါတယ်။ လက်ရှိအိမ်ကနေပြီး ပြောင်း၊ အခန်းငှားပြီး နေရတယ်။ အိမ်ဖော်ကိုလည်း မထားနိုင်တော့ဘဲ အလုပ်ဖြုတ်လိုက်ရတယ်။ ဒီတစ်ခါမှာ အမျိုးသမီးအပေါ် အိမ်မှုကိစ္စတွေပါ ပုံပြီးကျလာတယ်။ ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ရတဲ့အတွက် အမျိုးသမီးဟာ တဖြည်းဖြည်းနဲ့ အလုပ်ကြမ်းသမားတစ်ဦးအသွင်ဆောင်လာပြီး ဟိုတုန်းက လှပတင့်တယ်ခြင်းတွေဟာ ပျောက်ကွယ်စပြုကုန်ပြီ။
ယောကျာ်းဖြစ်သူမှာလည်း ငွေးရရေး၊ ကြွေးဆပ်နိုင်ရေးအတွက် အလုပ်ပိုတွေလုပ်ရလို့ နားရတယ် မရှိဘူး။ ညနေဘက်မှာ ကုန်သည်ကြီးတွေဆီမှာ စာရင်းကိုင်ပေးတဲ့ အလုပ်တို့၊ ညရောက်ပြန်တော့လည်း အခကြေးငွေးယူပြီး စာကူးတဲ့အလုပ်ကို လုပ်ရတယ်။
လင်ယောကျာ်းရော မိန်းမပါ နှစ်ယောက်စလုံး ကြွေးဆပ်နိုင်ဖို့ ရုန်းကန်လိုက်ရတာ ဆယ်နှစ်တောင် ကြာသွားတယ်။ ပင်ပန်းဆင်းရဲမှုတွေရဲ့ဒဏ်ကြောင့် လှပချောမောပါတယ်ဆိုတဲ့ အမျိုးသမီးဟာ အခုတော့ အရွယ်တွေကျ၊ နွဲ့နှောင်းပါတယ်ဆိုတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာလည်း တုတ်ခိုင်မာကျောတဲ့အဖြစ်ကိုရောက်၊ လက်ဖဝါးကြမ်းကြမ်းနဲ့ တကယ့်အလုပ်ကြမ်း မိန်းမကြီးလို ဖြစ်နေပြီ။ သူ့လင်ယောကျာ်း ရုံးကို သွားနေချိန်မှာ ပြတင်းပေါက်အနားမှာ တစ်ခါတစ်ရံထိုင်ရင်း ဟိုမင်းပွဲစိုးပွဲ အပြန်ညတုန်းက စိန်လည်ဆွဲကုံး မပျောက်ခဲ့ဘူးဆိုရင် ဆိုတဲ့ အတွေးကို တွေးမိတတ်တယ်။ အဲဒီညကသာ စိန်လည်ဆွဲကုံး မပျောက်ခဲ့ဘူးဆိုရင် ငါအခု ဘာဖြစ်နေနိုင်သလဲ၊ ဘယ်အခြေအနေမျိုးကို ရောက်နေလိမ့်မလဲ၊ ဒါကို ဘယ်သူပြောနိုင်မလဲ။ ဘဝရဲ့ဖြစ်ရပ်တွေဟာ ဆန်းကြယ်ပါဘိတယ်။ ဘာမဟုတ်တဲ့ အရာတစ်ခုဟာ ဘဝတစ်ခုလုံးကိုတောင် ကောင်းအောင် ဆိုးအောင် ပြောင်းပစ်နိုင်ပါလား... စသည်ဖြင့် တွေးမိနေတတ်တယ်။
|
|
တစ်ခုသော တနင်္ဂနွေနေ့မှာ ဒီအမျိုးသမီးဟာ တစ်ပတ်လုံး ပင်ပန်းခဲ့တဲ့အတွက် အနားယူတဲ့သဘောနဲ့ လမ်းလျှောက်နေတုန်းမှာ ကလေး
ငယ်တစ်ဦးကို လက်ဆွဲပြီး လျှောက်လာတဲ့ မိန်းမတစ်ဦးကို မြင်တယ်။ ဒီမိန်းမက တခြားသူ မဟုတ်ဘူး။ သူ လည်ဆွဲကုံးငှားခဲ့တဲ့ သူ့
သူငယ်ချင်း သူဌေးမပေါ့။ သူငယ်ချင်းသူဌေးမ ကတော့ အရွယ်တင်တုန်း။ လှပတင့်တယ်ပြီး နှစ်လိုဖွယ်လည်း ကောင်းတုန်းပါပဲ။ ဒီသူငယ်ချင်း
သူဌေးမကို နှုတ်ဆက်ဖို့ သူချီတုံချတုံ ဖြစ်နေတယ်။ ငါ သူ့လည်ဆွဲကုံးကို ပြန်ပေးပြီး ပြီပဲ။ ဒီအကြောင်းပြောလိုက်လို့လည်း
|
|
 |
|
|
ဘာမှ
ကိစ္စမရှိလောက်ပါဘူးလို့တွေးပြီး သူ့သူငယ်ချင်း သူဌေးမအနားကို သွားတယ်။ ရင်းရင်းနှီးနှီး နှုတ်ဆက်တယ်၊ ဘယ်သွားမလို့လဲလို့
မေးတယ်။ သူ့သူငယ်ချင်းမက သူ့ကို မမှတ်မိဘူး ဖြစ်နေတယ်။
|
|
သူ့သူငယ်ချင်းမက သူ့ကို `ရှင် လူများ မှားနေသလား´လို့တောင် ပြန်ပြောတယ်။ ဒါကြောင့် သူ ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ပြီး
ပြောလိုက်ရတယ်။ ဒီတော့မှ သူငယ် ချင်းမက မှတ်မိသွားပြီးတော့ `ဖြစ်မှ ဖြစ်ရလေဟယ်၊ မမှတ်မိနိုင်လောက်အောင်ကို နင်က
ပြောင်းလဲသွားလိုက်တာ´လို့ ပြောတယ်။ ဒီတော့ သူက`အေး ဟုတ်တယ်၊ ငါ့မှာ နင်နဲ့ နောက်ဆုံး တွေ့ပြီးကတည်းက ရောက်လိုက်တဲ့
ဒုက္ခတွေ၊ ကြေကွဲစရာတွေ တစ်ခုပြီး တစ်ခုပဲ။ ဒါတွေကလည်း တကယ်တော့ နင့်ကြောင့် ဖြစ်ရတာ´လို့ ဆိုတော့ သူ့သူငယ်ချင်းမက
`ငါ့ကြောင့် ဟုတ်လား၊ ဘယ်လို ငါ့ကြောင့်ဖြစ်ရတာလဲ´လို့ မေးတယ်။
|
|
“ဟိုမင်းပွဲစိုးပွဲတက်ဖို့ ငါ့ကို နင် စိန်လည်ဆွဲကုံးငှားလိုက်တာ အမှတ်ရရဲ့လား”
|
|
“အမှတ်ရတယ်၊ ဒါဘာဖြစ်လဲ”
|
|
“အဲဒီလည်ဆွဲကုံးကို ငါဖျောက်ပစ်လိုက်တယ်”
|
|
“ဘယ်လိုဖျောက်ပစ်တာလဲ၊ အဲဒီလည်ဆွဲကုံးကို နင် ငါ့ကို ပြန်ပေးသားပဲ”
|
|
“ငါ့ကြောင့် ပျောက်သွားတဲ့ လည်ဆွဲကုံးနဲ့ တစ်ထေရာတည်းတူတဲ့ တခြားလည်ဆွဲကုံး တစ်ခုကို ထည့်ပြီး ပြန်ပေးခဲ့တာ။ ဒီလိုတူတဲ့ လည်ဆွဲကုံးပြန်ထည့်ပေးရတဲ့အတွက် ငါ့မှာ ဆယ်နှစ်လုံးလုံး ဒုက္ခတွေ ခံခဲ့ရတယ်။ ငါတို့လို ဓနအင်အားနည်းတဲ့ သူတွေအဖို့တော့ ဒီလို လည်ဆွဲကိုဝယ်နိုင်ဖို့ရှာဖွေရတာ အင်မတန်ဒုက္ခ ကြီးပါတယ်။ ခုတော့ ကိစ္စတွေက ပြီးပါပြီ။ ငါလည်း ဒီလိုနင့်ကို ပြန်ပေးနိုင်လို့ ကျေနပ်မိပါတယ်”လို့ ပြောပြလိုက်တဲ့အခါမှ သူ့သူငယ်ချင်း သူဌေးမက
|
|
“နေပါဦး၊ နင်ပြောတာက ငါ့စိန်လည်ဆွဲ ကုံးအစား အခြားစိန်လည်ဆွဲကုံးတစ်ခုကို အစားဝယ်ထည့်ပေးလိုက်တယ်၊ ဒီလိုလား”လို့ မေးတော့
|
|
“ဟုတ်တယ်။ ဒါပေမဲ့ အစားဝယ်ထည့် လိုက်မှန်းကို နင်ဘယ်သိပါ့မလဲ၊ ဝယ်ထည့် လိုက်တဲ့ စိန်လည်ဆွဲကုံးက မူလစိန်လည်ဆွဲကုံးနဲ့ တစ်ထေရာတည်း တူနေတာကိုး”လို့ ဆိုတယ်။
ဒီစကားကို ကြားတော့ သူ့သူငယ်ချင်း သူဌေးမက သူ့လက်တွေကို ဆွဲယူဆုပ်ကိုင်ရင်း စိတ်ထိခိုက်စွာနဲ့ ဘာပြောသလဲဆိုတော့
|
|
“ဖြစ်မှဖြစ်ရလေတယ်ဟယ်။ ငါ့ စိန်လည်ဆွဲကုံးက အတုဟဲ့၊ အစစ်မဟုတ်ဘူး။ ဖရန့်ငွေ လေးငါးရာလောက်တောင် တန်မယ် မထင်ပါ ဘူးဟယ်”တဲ့။
|
|
စာရေးဆရာက တခြားအကြောင်းအရာတွေကို ဆက်မပြောတော့ဘဲနဲ့ အထက်က သူ့ သူငယ်ချင်း သူဌေးမရဲ့စကားနဲ့ပဲ အဆုံးသတ် လိုက်တယ်။
လည်ဆွဲကုံးကို အစစ်လို့ထင်မှတ်ပြီး ဈေးကြီးပေးဝယ်ခဲ့ရလို့ ဆယ်နှစ်တောင် ကြွေး ပတ်လည်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့အမျိုးသမီးအဖို့လည်း အထက်က စကားကို ကြားရရင် ဖြစ်မှ ဖြစ်ရလေလို့ အော်ပြီး ငိုချင်စိတ်ပေါက်သွားမှာ ပါပဲ။
|
|
အတုကိုအစစ်လို့ ထင်မြင်မိတဲ့အတွက် ရောက်လိုက်ရတဲ့ ဒုက္ခဆင်းရဲတွေကို ချက်ချင်း မြင်သွားအောင် အဆုံးသတ်ပေးထားတဲ့ ဒီဝတ္ထုတိုလေးကို ကျွန်တော်က သိပ်သဘောကျတာ၊ အခုလို တစ်ဆင့်ပြန်ပြောတာကို နားထောင်ရတာ သိပ်အရသာပေါ်မယ်မဟုတ်ဘူး။ သူ့ မူရင်းအတိုင်း ဖတ်ကြည့်မှပဲ ဒီဝတ္ထုတိုလေးရဲ့ မူရင်းအတိုင်း ဖတ်ကြည့်မှပဲ ဒီဝတ္ထုတိုလေးရဲ့ အရသာကိုအပြည့်ရနိုင်မှာပဲ။ မော်ပါဆွန်းရဲ့ ဒီဝတ္ထုတို အဆုံးသတ်ပုံမျိုးကို အိုဟင်နရီရဲ့ ဝတ္ထုတိုလေးတွေမှာလည်း တွေ့ရတယ်။ မျှော်လင့်မထားတဲ့ အဆုံးသတ်နဲ့ ဇာတ်သိမ်းပြတတ် တဲ့ အိုဟင်နရီရဲ့ ဝတ္ထုတိုလေးတွေဟာလည်း နှစ်လိုဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ မော်ပါဆွန်း ရဲ့ ဒီ’စိန်လည်ဆွဲကုံး’ဝတ္ထုတိုလေးရဲ့ အဆုံးသတ်ပုံကိုတော့ ကျွန်တော့်အတွက်တော့ အနှစ် သက်ဆုံး အဆုံးသတ်ပုံမျိုး ဖြစ်တယ်လို့ ဆိုရမှာပဲ။
ပျောက်သွားတဲ့ စိန်လည်ဆွဲကုံးဟာ တကယ်တော့ စိန်အတုနဲ့လုပ်ထားတဲ့ လည်ဆွဲ ဖြစ်တယ်။ ဒါပေမဲ့ လင်မယားနှစ်ယောက်လုံးဟာ အဲဒီပျောက်သွားတဲ့ လည်ဆွဲကို အတုမှန်း မသိကြဘူး။ အစစ်လို့ပဲ ထင်တယ်။ ဒီအစစ် လည်ဆွဲနဲ့တူတဲ့ အခြားစိန်အစစ်နဲ့လုပ်တဲ့ လည်ဆွဲကို အစားပြန်ထည့်ပေးဖို့ ငွေအများကြီး ပေးဝယ်ခဲ့ရတယ်။ ဒီလိုဝယ်ရလို့ ကြွေးတွေ အများကြီးတင်သွားတယ်။ ဒီကြွေးတွေကြောင့် ဆယ်နှစ်လုံးလုံး လင်မယားနှစ်ယောက်လုံး ပင်ပန်းဆင်းရဲလိုက်တာမှ ဘဝပျက်လုနီးအထိပါပဲ။
|
|
အတုကို အစစ်ထင်ပြီး ပင်ပန်းကြရတယ်ဆိုတာ ကျွန်တော်တို့ ပုထုဇဉ်လူသတ္တဝါတွေနဲ့ သက်ဆိုင်တဲ့စကား ကျွန်တော်တို့ ပုထုဇဉ်တွေရဲ့ လုပ်ရပ်တွေကို ညွှန်းဆိုရာရောက်နေတဲ့ အဆိုမဟုတ်ဘူးလား။
ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာတွေဟာ အစဉ်အမြဲ ခဏမလပ် တရစပ်ပြောင်းလဲနေတယ်။ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ကလေး အတွင်းမှာပဲ ရုပ်တရားက ခဏပေါင်း ကုဋေ ငါးထောင်မက၊ နာမ်တရားက ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲနေဆို မဟုတ်လား။ ဘယ်အရာမှ ရပ်နေတယ်ရယ်လို့ မရှိဘူး၊ မြဲနေတယ်ဆိုတာ မရှိဘူး။
|
|
အရာရာဟာ ဖြစ်ပျက်နေတယ်၊ ပြောင်းလဲနေတယ်၊ ဗုဒ္ဓစာပေတွေမှာ `သန္တတိ´ဆိုတဲ့ ပါဠိစကား ရှိတယ်။ မြန်မာလိုဆိုရင်တော့ ရုပ်နာမ်တရားတွေဟာ အဆက်မပြတ် ဖြစ်ပျက်နေတာကို ဆိုလိုတယ်။ ရုပ်နာမ်တွေဟာ အလွန်လျင်မြန်စွာနဲ့ ဖြစ်ပျက် ပြောင်းလဲနေတယ်။ ရုပ်နာမ်တွေဟာ အဲဒီလို ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်နဲ့ အကြားအလပ် မရှိအောင် ဆက်ဆက်ပြီး ဖြစ်နေတယ်။ အကြားအလပ်မရှိအောင်လို့ဆိုတဲ့အတွက် တကယ်ပဲ အကြားအလပ် မရှိဘူးလားမေးရင်တော့ အကြားအလပ်ရှိတယ်လို့ပဲ ဖြေရမယ်။ ဘာကြောင့် ဆိုတော့ အကြားအလပ်ရှိမှ ပြောင်းလဲခြင်း ဆိုတာ ရှိမှာပဲကိုး။ တကယ်အကြားအလပ် ရှိ သလားဆိုတော့လည်း ရုပ်နာမ်တွေရဲ့ ပြောင်းလဲ ဖြစ်ပျက်မှုအစဉ်မှာ အလွန့်အလွန်ကို `ကြား´ တို့၊ `အဟ´တို့ မရှိသလောက်ပဲလို့ ဆိုရမယ်။ ဒါကို ဗုဒ္ဓအဘိဓမ္မာမှာ `နတ္ထိ၊ ဝိဂတ´အစရှိတဲ့ ပဋ္ဌာန်းပစ္စည်းတွေနဲ့ ရှင်းထားတာတွေ ရှိတယ်။ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်နဲ့ ရုပ်နာမ်တွေဟာ ကြားမရှိလောက်အောင် ဆက်နွှယ်လျက်ဖြစ် ပျက်နေတဲ့အတွက် ရုပ်နာမ်တွေဟာ တကယ် ရှိနေသလို တည်နေသလို ထင်မြင်နေရတယ်။ အခုမြင်ရတဲ့ အရာဟာ ယခင်မြင်ရတဲ့ အရာလို့ပဲ ထင်မှတ်အောက်မေ့ရတယ်။ မြစ်ကမ်းပါးပေါ်က ရပ်ပြီး မြစ်ပြင်ကို လှမ်းကြည့်လိုက်ရင် ဖွေးဖွေး ဖြူဖြူ မြစ်ရေတွေကို မြင်ရတယ်။ ရေသဏ္ဌာန် တွေဟာ မပြတ်ဘဲ စီးသွားနေတဲ့အတွက် အခု မြင်နေရတဲ့ မြစ်ရေတွေဟာ ယခင်မြင်ရတဲ့ မြစ်ရေပဲ ဖြစ်တယ်လို့ ထင်ရတယ်။ ဂရိဒဿန သမားကြီး ဟေရာကလိုက်တပ်စ်က `လူတစ်ဦး ဟာ မြစ်ထဲကို နှစ်ကြိမ်မဆင်းနိုင်ဘူး´ A man step into the same river twice လို့ ပြောဖူးတယ်။ လူတစ်ဦးဟာ ဒီမြစ်ရေထဲကို ဆင်းကြည့်တယ် ပထမတစ်ခါ။ နောက်ဒုတိယ အကြိမ် ဒီမြစ်ထဲ ဆင်းတဲ့အခါမှာ ဘယ်လို ထင်မိသလဲဆိုတော့ အခုဒုတိယအကြိမ် ဆင်း တာဟာလည်း ခုနက မြစ်ထဲက မြစ်ရေထဲကိုပဲ ဆင်းတာ ဖြစ်တယ်လို့ထင်တယ်။ တကယ်က တော့ အခုဒုတိယအကြိမ်ဆင်းတဲ့ မြစ်ရေက စောစောက ပထမအကြိမ်ဆင်းတုန်းက မြစ်ရေ မဟုတ်တော့ဘူး။ မြစ်ရေက စီးဆင်းသွားခဲ့ပြီ။ အခုဒုတိယအကြိမ်ဆင်းတဲ့ မြစ်ရေဟာ အထက် ဆီက နောက်ထပ်စီးဆင်းလာတဲ့ ရေသာ ဖြစ်တယ်။ ဒါကြောင့် ဟေရာကလိုက်တပ်စ်က လူတစ်ဦးဟာ မြစ်တစ်မြစ်တည်းမှာ နှစ်ခါ မဆင်းနိုင်ဘူးလို့ ပြောတာ ဖြစ်မယ်။ စဉ်းစား ကြည့်ပေါ့။ ရုပ်နာမ်တွေဟာ ခဏမလပ် ပြောင်းနေတဲ့အတွက် ဒုတိယအကြိမ် မြစ်ရေထဲဆင်းတဲ့ လူဟာ ပထမအကြိမ်က ဆင်းတဲ့လူ မဟုတ်တော့ဘူး။ ဒုတိယအကြိမ်ဆင်းတဲ့ မြစ်ရေနဲ့ မြစ်ကြီးတစ်ခုလုံးဟာလည်း ပထမအကြိမ်က မြစ်ရေနဲ့ မြစ်ကြီးလည်း မဟုတ်တော့ဘူး။ ပြောင်းလဲခဲ့ပြီ။ ဒီမြစ်ထဲကိုပဲ ဒီလူ ဒုတိယ အကြိမ်ဆင်းပါတယ်လို့ ပြောလို့မရတော့ဘူး။
|
|
ဒီအတိုင်းပါပဲ၊ ကျွန်တော်တို့ဟာလည်း မနေ့က ဒီအဆောက်အအုံမှာ ကျွန်တော်တို့ စကားဝိုင်းဖွဲ့ဆွေးနွေးကြတယ်။ ဒီနေ့လည်း ကျွန်တော်တို့ပဲ ဒီအဆောက်အအုံမှာ စကားဝိုင်းဖွဲ့ နေကြတယ်လို့ ထင်ကြတယ်။ စင်စစ်ကတော့ ဒီနေ့ ကျွန်တော်တို့ဟာ မနေ့က ကျွန်တော်တို့ မဟုတ်ကြဘူးပေါ့။ စောစောက ကျွန်တော်တို့ဟာ ယခု ကျွန်တော်တို့ မဟုတ်ကြဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရုပ်နာမ်ခန္ဓာတွေဟာ ခဏမလပ် ဖြစ်ပျက်ပြောင်းလဲနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ သာမန်အာရုံအသိလောက်နဲ့က မမြင်မသိနိုင်ကြဘူး။ ဒီလိုမမြင်မသိတော့ မနေ့က ‘ငါ’ဟာလည်း ယခု’ငါ’အစစ်ပဲလို့ ထင်တယ်။ တကယ်တော့ ဒါဟာ ရုပ်နာမ်တွေ ပြောင်းလဲ သွားလိုက်ကြတာ၊ တကယ်အစစ် မဟုတ်တဲ့ အဖြစ်တွေဆီ ပြောင်းသွားနေကြတာ... တကယ့်’ငါ’...၊ မူလ ‘ငါ’...၊ အစစ်အမှန် ‘ငါ'ဆိုတာ ဟုတ်ကို မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ပြောခဲ့ပါရော။
|
|
ဒီလိုအစစ်မဟုတ်တော့တဲ့အဖြစ်ကို ပြောင်း ပြောင်းနေတာကို ကျွန်တော်တို့ရဲ့ သာမန်အာရုံ အသိလောက်နဲ့က မမြင်မသိနိုင်ဘူး။ ဒီတော့ဗျာ ကျွန်တော် စောစောကပြောပြခဲ့တဲ့ လည်ဆွဲကုံး ဇာတ်လမ်းထဲက လည်ဆွဲအတုကို အစစ် ထင်မှတ်ပြီး အစားထိုးဖို့ကြိုးစားရင်း ပင်ပန်းကြသူ နှစ်ဦးလိုပေါ့။ ကျွန်တော်တို့ ပုထုဇဉ်တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် တကယ်အစစ် ‘ငါ’ပဲလို့ ထင်တယ်။ ‘ငါ’တကယ်ရှိနေမှာတော့ ‘ငါ’နဲ့ပတ်သက်တာတွေကလည်း တကယ်ရှိနေ တော့တာပေါ့။ အဲဒီ’ငါ’နဲ့ပတ်သက်တာတွေ ဖောက်ပြန်ရင်၊ ပျက်စီးရင်၊ ပျောက်ဆုံးရင် ကျွန်တော်တို့ စိတ်သောကတွေ ရောက်နေအုံးမှာ ပဲ။ ပျက်စီးသွားတာတွေ၊ လက်လွှတ်လိုက်ရတာတွေ၊ မပိုင်ရတာတွေ၊ ပျောက်ဆုံးသွားတာတွေ နေရာမှာ အစားထိုးဖို့ အမျိုးမျိုးကြိုးစားရင်း ဘဝအမောတွေနဲ့ ကျွန်တော်တို့ ထွေးရှုပ်နေဦးမှာပဲ။
|
|
ဆရာ့စကားတွေက မဆုံးသေးပါ။ ကိစ္စတစ်ခုအတွက် ချိန်းဆိုထားတဲ့ အချိန်နီးကပ်လာ တဲ့အတွက် ကျွန်တော်က အားနာစွာနဲ့ပဲ ဆရာနဲ့ ဆရာ့ဧည့်သည်တွေကို နှုတ်ဆက်ပြီး သွားခွင့်ပြုဖို့ ခွင့်တောင်းရပါတယ်။ ဆရာ့အိမ်ကနေထွက် အလာမှာ ‘ဘယ်ခြေလှမ်းသောအခါ၌ ဖြစ်ပျက်ကြသည့် ရုပ်နာမ်တွေသည် ညာခြေလှမ်းသော အခါ၌ ပါမလာကြကုန်။ ချုပ်ပျက်ခဲ့ ကြကုန်ပြီ။ ညာခြေတို့သည်လည်း ဘယ်ခြေလှမ်းပြန်သော အခါ၌ ပါမလာကြကုန်၊ ချုပ်ပျက်ခဲ့ကြပြီ’လို့ တရားနှလုံးသွင်းဖို့ မိန့်ဆိုထားတဲ့ ဆရာတော်ကြီး တစ်ပါးရဲ့ အဆိုအမိန့်ကို အမှတ်ရလာပါတယ်။ ဟုတ်ပေမှာပေါ့။ မျက်တောင်တစ်ချက်ခတ်၊ လျှပ်တစ်ပြက်အတွင်းမှာ ခဏပေါင်း ကုဋေထောင်သောင်းမက ရုပ်တွေက ဖြစ်ပျက်ကြ၊ နာမ်တရားတွေက ခဏပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်ကြတယ်ဆိုတော့ ဘယ်ခြေလှမ်းချိန်က ရုပ်နာမ်တွေ ညာခြေလှမ်းချိန်မှာ ဘယ်လိုရှိနေတော့မှာလဲ၊ ပျက်ခဲ့ကုန်ပြီပေါ့။ ရှေးရှေးရုပ်နာမ်တွေ ချုပ်ပျောက် ချုပ်ပျောက်ပြီး၊ နောက်နောက်ရုပ်နာမ်တွေ ထပ်ထပ် ချုပ်ပျောက် ချုပ်ပျောက်နေကြတော့ တစ်ခဏကလေးမျှ ဤရုပ် ဤနာမ်ကတော့ အစစ်အမှန်ပါ၊ တကယ့်အရာတွေပါလို့ ထောက်ပြလို့ မရနိုင်ဘူး။ ထောက်ပြလိုက်တာနဲ့ ဖြစ်ပျက်မှုက ထပ်ကြပ်ပါလာပြီးတော့ အစစ်အမှန်အဖြစ်ကနေ ပြောင်းသွားပြီး လူသတ္တ၀ါတွေဟာ ဆရာပြောသလို ဖြစ်ပျက်နေတဲ့ တကယ့်အစစ်အမှန် သဘာဝကို မသိနိုင်တော့။ မစစ်မှန်တာတွေကို စစ်မှန်တယ်၊ မဟုတ်တာတွေကိုပဲ ဟုတ်တယ် ထင်မှတ်စွဲလမ်းရင်း လူမှုပြဿနာတွေ ပေါင်းစုံ ဖြစ်နေကြတာ မဟုတ်လားလို့ တွေးတောလာခဲ့မိပါတယ်။ အစစ်နဲ့ အတု အသေအချာမသိနိုင်သေးလို့ ထင်ပါရဲ့။ အဲဒီနေ့က ကျွန်တော့်ညာခြေနဲ့ ကျွန်တော့်ဘယ်ခြေကို အတုအစစ်ခွဲရင်း လမ်းမလျှောက်တက် ဖြစ်နေခဲ့ပါတယ်။ သြော်… မော်ပါဆွန်းရဲ့ ၀တ္ထုတိုထဲက စိန်လည်ဆွဲကုံးပျောက်ခဲ့သူနဲ့ ငါ့ဆရာက ငါ့ကို အလျှောက်ခက်အောင် ဖန်တီးနေကြပါလားလို့လည်း ကျွန်တော်က တွေးလာခဲ့ပါတယ်။
|
| နန္ဒသိန်းဇံ |