Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 2, Volume 4, December 2009
Magazine Contents of this month
Email :
Password :
Forget Password ?
Enter
တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း
ကယားပြည်နယ်အတွင်း၌ သွားလိုသေးသည့်ဒေသ
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ
အသွားခက်အောင် ဖန်တီးကြသူများ
နေရာ
အဖေကြီးတီးတဲ့ ရွှေကြေးစည်
ပြန်ရှင်ပင်
မလွဲတဲ့ဆု
ဦးထုပ်တွေ ဖမ်းတယ်နော်
ကျေးဇူးရှင်
သွားကြမလား နတ်တို့ပြည်
တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း
၉ နှစ်သမီးဆိုတာ ကလေးလုပ်၍ ကောင်းနေတုန်းအရွယ်ပါ။ ၁၀ နှစ်သမီး...။ မိဘတွေ နည်းနည်း စစိတ်ပူတတ်လာပြီ။ ၁၁ နှစ်၊ ၁၃ နှစ်...။ စိတ်ပူထားသော ပြဿနာတွေနှင့် ပက်ပင်းစတိုး တော့ မိဘတွေ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကြသည်။ ဘာကြောင့်လဲ။ ရှင်းပါသည်။ ကြိုတင်မပြင်ဆင်ဖြစ်ခဲ့ကြလို့ပါ။ တကယ်တော့ ၉ နှစ်သမီး လောက်ကတည်းက အဲသည့် ပြင်ဆင်သည့်ကိစ္စတွေကို စ၍ အစီအစဉ်ချခဲ့ကြရမှာပါ။ ကလေးက သူ့ခန္ဓာကိုယ်လေး ပြောင်းလဲလာတာ တဖြည်းဖြည်းနဲ့ ရိပ်စားမိတော့မည်။ မိန်းကလေး ပီပီပြင်ပြင် ဖြစ်လာနေပြီဆိုတာ သိတော့မည်။ သိချင်တာတွေလည်း များလာ တော့မည်။ ယောကျာ်းလေးတွေကို ‘မျိုးမတူအုပ်စု’ဟု ခွဲခွဲခြားခြား မြင်တတ် လာတော့မည်။ အဲသည့်အချိန်မျိုးအတွက် မိဘတွေ အသင့်ဖြစ်နေကြဖို့ လိုပါမည်။
မျိုးဆက်ပွားပညာပေးခြင်း
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက လူငယ်အတွင်း မျိုးဆက်ပွားပညာ နားလည်မှုပျံ့နှံ့လာစေရန် စေတနာဖြင့် စခန်းသွင်း သင်ကြားပေးမှုများရှိသည်။ သား ၁၄ နှစ်တုန်းက အဲသည့် စခန်းသွင်းသင်တန်းတစ်ခုထဲသို့ ကျွန်တော်ထည့်တော့ သားက ငယ်လွန်းသေးသည်ဟုဆိုကာ သူ့အမေက ကန့်ကွက်ဖူးသည်။ တကယ်တော့ နိုင်ငံတကာစံနှုန်းများနှင့်ဆိုလျှင် နောက်တောင်ကျနေပါပြီ။ သမီးကျ တော့ လုံးလုံးသဘောမတူတော့။ ဒါလည်း ဆန်းတော့မဆန်း။ နိုင်ငံတကာတွင်ပင် ကလေးသူငယ်များကို ထိုအသိပညာများ သင်ကြားပေးခြင်းဖြင့် မလိုလားအပ်သော ပြဿနာများကို ကာကွယ်ရာ ရောက်သည်ဟု ယူဆသူမိဘများနှင့် တချို့ဟာတွေကို ပေးသိလိုက်တာက ပေးမသိဘဲထားတာထက် အန္တရာယ် များသည်ဟု ယူဆသော မိဘတွေကြား အငြင်းအခုန်များက ပြင်းထန်စွာ ဖြစ်နေကြဆဲဟု ဆိုသည်။
တကယ်တော့ မိန်းကလေးဆိုတာ မိန်းကလေး၊ ယောကျာ်းလေး ဆိုတာ ယောကျာ်း လေးပါပဲ။ ငယ်သေး၍ရော ပြောနေ၍ မရပါ။ အရွယ်ရောက်သင့်ချိန်တွင် ရွယ်ရောက်လာမှာပါပဲ။ လိင်ပိုင်းဆိုင်ရာ အရွယ်ရောက်လာမှုက ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင့်ကျက်သိတတ် လာမှု၊ ခံစားသိမြင်လာမှု၊ အဲဒါတွေ အကုန်လုံးနှင့် တွဲနေသည်။ တစ်ခုတက်သွားမှ တစ်ခုကလိုက်နိုင် တာမျိုး။ သည်တော့ ကလေးက သူ အရွယ်ရောက်လာမှုကို သူ့ဟာသူ ကြိုတင်သိမြင်ထားရမည်။ လက်ခံရမည်။ အဲသည့်အတွက် ကူညီပေးဖို့ မိဘမှာ တာဝန်ရှိပါသည်။
အဲသည့်အရွယ်ကစ၍ မိန်းကလေးက မိန်းကလေးသတ်သတ်၊ ယောကျာ်းလေးက ယောကျာ်းလေးသတ်သတ် ခွဲခွဲခြားခြားဆက်ဆံ လာတတ်ကြသည်။ ကိုယ့်ကိုယ်ကိုယ်လည်း သိလာကြသည်။ တန်ဖိုးထားတတ်လာသည်။ ‘လိင်မှုကိစ္စ’ဆိုသည့် စကားလုံးကြီး၏ နောက်ကွယ်တွင် လူမှုရေးဆိုင်ရာပြဿနာတွေ အများကြီးရှိနေသည်ကိုလည်း ရိပ်မိလာ တတ်ကြသည်။ စိုးရိမ်စရာတွေ၊ စိတ်ပူစရာတွေ တွေးတတ်လာကြသည်။ သိချင်တာတွေရှိလာတတ်ကြသည်။ မိဘတွေကိုယ်တိုင်က အဲသည့်ကိစ္စတွေကို ကိုယ့်ရင်သွေးကို ရှင်းပြဖို့ ဝန်လေးတတ်ကြလျှင် ကလေးကလည်း မေးရဲမည်မဟုတ်ပါ။
မိန်းကလေးအများစုက ‘ကလေးလေးတွေ ဘယ်လိုမွေးဖွားလာ ကြသည်’ ဆိုသည့် ကိစ္စမျိုးကို သည်အရွယ်မှာ နားလည်နေကြပါပြီ။ ထိုမှတစ်ဆင့်တက်၍ ‘လိင်ဆက်ဆံသည်’ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်အသေးစိတ်ကို စူးစမ်းနေပါပြီ။ မိဘဆီက ထိုအဖြေမရနိုင်ဟု သူတို့ယူဆလျှင် သူငယ်ချင်းအချင်းချင်း ဘယ်သူသိသလဲ မေးကြ ပါတော့မည်။ ကောင်းတာကတော့ မိခင်က သမီးကို သိချင်သောအဖြေအားလုံး ပြောပြသင့်သလို သတိပေးစရာလေးတွေပါ ဖြည့်စွက်သင့်ပါပြီ။ အနောက်နိုင်ငံများတွင်တော့ အဲသည်အချိန်မျိုးမှာ မိဘတွေ ဖတ်ဖို့၊ စာအုပ်မျိုးတွေတောင် ထုတ်ဝေထားတာရှိသည်ဟုဆိုသည်။ သည်မှာတော့ ဒေါက်တာစိုးလွင်စာအုပ်တွေပဲ မှီးရမည်ထင်သည်။ (ကိုယ့် သူငယ်ချင်းပဲ ကိုယ်ညွှန်းရမှာပေါ့)
‘ဆူဒိုနင်’လည်း ရေးသည်။ သူ့စာတွေတော့ ‘လျှပ်ဖတ်’လောက် ပဲ ဖတ်ကြည့်ဖူးသည်။ နည်းနည်းတော့ အနောက်တိုင်းဆန်သလားလို့။ ကလေးတွေကို တိုက်ရိုက် ဖတ်ခိုင်းရမှာ စိတ်မချလျှင် ကိုယ်က ဖတ်၍ လိုသလို ပြန်ပြောပြပေါ့။ ကျွန်တော်လည်း သည်တစ်ခါ ကိုစိုးလွင်နှင့်ဆုံလျှင် ဆယ်ကျော်သက် မိန်းကလေးတွေနှင့် သူတို့ မိဘတွေ သိသင့်တာတွေကိုစုပြီး စာအုပ်ထုတ်ဖို့ တိုက်တွန်းပေးပါမည်။
ရာသီပန်းပွင့်ခြင်း
၉ နှစ်သမီးကို ရာသီစပေါ် ခြင်းကိစ္စရှင်းပြရမှာ သိပ်စောသည်ဟု မထင်ပါနှင့်။ အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်း ပုံမှန်အားဖြင့် မိန်းကလေးများ ရာသီစပေါ် နိုင်ပါသည်။ စောသော မိန်းကလေးများ သည်ထက်ပင် စောနိုင်ပါသည်။ သမီးငယ်က သိစရာ ရှိတာကို ကြိုသိမထားလျှင် တုန်လှုပ်ခြောက်ခြားစရာ၊ ရှက်စရာဟု မြင်သွားနိုင်ပါသည်။ ပြောပြရမည့်မိဘအတွက်လည်း မျက်နှာပူစရာပြဿနာဟု ထင်ချင်ထင်ပါမည်။ ဒါပေမဲ့ ပြောကို ပြောရမှာပါ။ ပြောနည်းကတော့ ပေါ့ပေါ့ပါးပါး သာမန်ကိစ္စတစ်ခုကို ပြောသလို ဟန်ပန်လည်းရှိရပါမည်။ အချက်အလက်လည်း ပြည့်စုံရပါမည်။ အကောင်းဘက်က မြင်တတ်အောင်လည်း ပြောရပါမည်။ ကောင်းတာပဲလေ။ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာတာ စိတ်ညစ်စရာ ကိစ္စတစ်ခုမှ မဟုတ်တာ။
“သမီး ရာသီလာတယ်ဆိုတာ ကြားဖူးလား”
ဒါမျိုးလေးနှင့်စလျှင် အဆင်ပြေတတ်သည်ဟု ပညာရှင်များ ရေးကြပါသည်။
အောက်ဖော်ပြပါ အချက်လေးတွေတော့ ပါပါစေ။
၁။ လစဉ်သုံးအမျိုးသမီးပစ္စည်းများအကြောင်း
၂။ မတော်တဆဖြစ်မှုများ၊ စွန်းထင်းမှုများကို ရင်ဆိုင်နည်း
၃။ ပေါ်ခါစကာလတွေမှာ ရက်မှန်ချင်မှ မှန်မည်ဆိုသည့်အကြောင်း
၎။ နာကျင်ကိုက်ခဲတတ်ပါက ဖြေရှင်းနည်း
၅။ ဖြစ်နိုင်ခြေရှိသောပြဿနာများ(ကိုက်ခဲခြင်း၊ စိတ်နောက်ကျိ ညစ်ညူးခြင်း စသည်)
အပျို ဘယ်တော့၊ ဘယ်အရွယ်၊ ဘယ်လိုဖြစ် စတာကတော့ ရင်သားလေး စူထွက်လာတာနှင့်စသည်။ အဲသည်ကနေ လေးနှစ်တာကာလအတွင်း လူကြီးမိန်းမပျို၏ ရင်သားပုံစံသို့ တဖြည်းဖြည်း ပြောင်းလဲလာမည်။ လေးနှစ်ဆိုပေမဲ့ တစ်နှစ်ခွဲပဲကြာ သည့်သူလည်းရှိသလို ကိုးနှစ်ကြာသည့်သူလည်း ရှိသည်။ နောက်တော့ မိန်းမကိုယ်တွင် အမွေးနုလေးများ စတင်ပေါက်လာမည်။ နောက်နှစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ လူကြီးပုံစံဖြစ်သည်အထိ ထူထဲလာမည်။ လက်မောင်းအောက်(ချိုင်း)နေရာမှာတော့ အသက် ၁၂ နှစ်လောက် မှ စပေါက်ပြီး တစ်နှစ်ခွဲလောက်အတွင်း ထူထဲလာမည်။
အရပ်မြန်မြန်ရှည်ထွက်လာမည်။ အဲသည့်အရင်က တစ်နှစ်လျှင် ၄ စင်တီမီတာမှ ၆ စင်တီမီတာ(တစ်လက်မခွဲမှ နှစ်လက်မခွဲ)သာ ရှည်နေသည့်ကလေးက နှစ်ဆတိုးပြီး ၁၀ စင်တီမီတာမှ ၁၂ စင်တီမီတာအထိ(၄ လက်မမှ ၅ လက်မ)ရှည်လာမည်။ အဲသည့်အရှည်နှုန်း မှာ နှစ်နှစ်၊ သုံးနှစ်ကြာမည်။ သူတို့ကိုယ်သူတို့ ‘သိပ်မလှ’တော့ဟုလည်း ခံစားတတ်ကြသေးသည်။ အရွယ်ရောက်ခါစ မိန်းကလေး၏ ချွေးနံ့က ဆိုးတတ်သည်။ ခန္ဓာကိုယ်အချိုးအစားက အပြောင်းအလဲမြန်နေသည်။ ဒါကိုလည်း ရှင်းပြအားပေးထားရမည်။
အဲသည့်ကာလအပိုင်းအခြားထဲမှာပင် ရာသီစပေါ်သည်။ များသော အားဖြင့် မျိုးရိုးလိုက်တတ်သဖြင့် မိခင် ၁၁ နှစ်သမီးကစပေါ်လျှင် သမီးလည်း ၁၁ နှစ်ပတ်ဝန်းကျင်တွင် စပေါ်မည်ဟု မှန်းနိုင်သည်။ အပိုင်တော့ တွက်၍ မရ။
လစဉ်သုံးပစ္စည်းများ အမေနှင့်သမီး ပွင့်ပွင့်လင်းလင်း ကြိုဆွေးနွေးထားရမည့်အထဲတွင် သည်ကိစ္စက အဓိကပါသည်။ ဒေါက်တာရဲလည်း မိခင်လည်းမဟုတ်၊ အိုဂျီလည်းမဟုတ်ပေမဲ့ သည်ကိစ္စ ရေးကိုရေးရမည်။ အားနာ၍ ချန်ထားလိုက်လျှင် သည်ဆောင်းပါး ထင်သလောက် အားကိုး၍ မရ ဖြစ်သွားနိုင်သည်။ သည်ခေတ် သည်ကာလမှာ ပစ္စည်းက တော်တော် စုံစုံလင်လင်ရ နိုင်လာသည်။ အလွယ်ပြောရလျှင်တော့ အနည်းဆုံးနှစ်မျိုးရှိသည်။ Tampon နှင့် Pad ပေါ့။ ဘာသာတော့ ဘယ်သူမှ ပြန်ထားသေးဟန် မတူ။ Tampon က ထည့်ရမှာ၊ Pad က အုပ်ရမှာ ဆိုပါစို့။
Tampon နှင့်ဆိုလျှင် ကလေးက ပိုဖျတ်ဖျတ်လတ်လတ် နေနိုင်သည်။ အထူးသဖြင့် အားကစားလုပ်၍ ရသည်။ ငယ်ငယ်ကတည်းကလည်း သုံးနိုင်သည်။ သို့သော် ကလေးအတွက် ခက်ချင်ခက်နေနိုင်သည်။ ခဏခဏလဲပေးဖို့လည်း လိုသည်။ မလဲလျှင် အခန့်မသင့်ပါက ပိုးမွှားဝင်ရောက်နိုင်သည်။ Toxic Shock Syndrome ဟုခေါ်သည့် ပိုးဆိပ်တက်ခြင်းရောဂါက သိပ်ရှားပေမဲ့ အသက်ပါသွားနိုင်သည်။
Pad သုံးလျှင်တော့ ကလေးငယ်ငယ်နှင့်လိုက်ဖက်အောင် သေးသွယ်ဖို့လိုသလို အမှတ်မထင်ပဲ များသည့်အခါရှိနိုင်သည့်အတွက် စုပ်ယူမှုအားလည်း ကောင်းဖို့လိုသည်။ ဒါတွေကို မိခင်က ရှင်းပြရမှာဖြစ်သည်။ ကလေးကို မျိုးစုံပြောပြ၍ ရွေးချယ်ခိုင်းရမှာဖြစ်သည်။ ဘယ်လိုစွန့်ပစ်ရမည်ကိုလည်း သင်ပေး ရဦးမည်။ ကျောင်းသွားလျှင် Padိ နှင့်အတွင်းခံဘောင်းဘီအပိုကို ကျစ်ကျစ်လျစ်လျစ် ထုပ်ပိုး၍ ကျောင်းအိတ်ထဲမှာ လုံခြုံစွာ သယ်သွားဖို့လည်း သတိပေးရဦးမည်။ မမျှော်လင့်ဘဲဖြစ်တတ်တာတွေရှိသည်။
ဖျတ်လတ်သန်စွမ်းစေဖို့ အားကစားလိုက်စားဖို့။
သည်အရွယ်ကတည်းက အရေးကြီးတာပါ။ ကလေးအတွက် သင့်လျော်သောအားကစားနည်းတစ်မျိုးမျိုးတော့ အနည်းဆုံး လုပ်စေရမည်။ အရေးကြီးတာက နှစ်ချက်။ တစ်ချက်က ကလေးပျော်ရမည်။ ဒါမှ မှန်မှန်လုပ်ဖြစ်မှာ။ အမျိုးစုံကို မိတ်ဆက်ပေးပြီး သူ နှစ်သက်တာကို ရွေးပါစေ။
နောက်တစ်ချက်က သူ့ကြွက်သားလေးတွေ၊ အဆစ်လေးတွေပေါ်မှာ ဒဏ်မပိစေရ။ ကျွမ်းကျင်သူရှိလျှင် တိုင်ပင်သင့်သည်။ ၉ နှစ်ဆိုတာ နှလုံးရောဂါကို ကာကွယ်မည့် အားကစားအလေ့အထ အစပျိုးလေ့ကျင့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ ကျန်းမာကြံ့ခိုင်ရေးအကြောင်းတွေ သားသားတွေဖို့ရော၊ မီးမီးတွေ အတွက်ပါ ရှေ့လ နည်းနည်း အသေးထပ်စိတ်ပါမည်။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)